သမ္မတဦးဝင်းမြင့်ကို သမ္မတအိမ်တော်က ရွှေ့ပြောင်း

နေပြည်တော်မှာ စစ်အစိုးရရဲ့ ထိန်းသိမ်းခံနေရတဲ့ သမ္မတဦးဝင်းမြင့်ကို နေရာပြောင်းရွှေ့လိုက်ပါတယ်။ သမ္မတအိမ်တော် ကနေ၊ နေပြည်တော် လွှတ်တော် ဂိတ်ဝအနီးက အိမ်တအိမ်ကို ပြောင်းရွှေ့လိုက်တာပါ။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို နေပြည်တော် သမ္မတအိမ်တော်တွင် ၂ဝ၁၈ ခုနှစ်က တွေ့ရစဉ်။ Photo: AFP

နေပြည်တော်မှာ စစ်အစိုးရရဲ့ ထိန်းသိမ်းခံနေရတဲ့ သမ္မတဦးဝင်းမြင့်ကို နေရာပြောင်းရွှေ့လိုက်ပါတယ်။ သမ္မတအိမ်တော်ကနေ၊ နေပြည်တော် လွှတ်တော်ဂိတ်ဝအနီးက အိမ်တအိမ်ကို ပြောင်းရွှေ့လိုက်တာပါ။

အခြေခံဥပဒေအရ သမ္မတ၊ ဒု-သမ္မတနှစ်ဦးနဲ့ လွှတ်တော်သဘာပတိတွေဟာ သူတို့ရဲ့နေရာတွေကို ဆက်ခံမယ့်သူတွေ မရွေးချယ်ရသေးခင်အတွင်း မူလနေရာတွေပဲ ဆက်ရှိနေမှာဖြစ်ပါတယ်။ နေပြည်တော်က နေအိမ်မှာ နေအိမ်အကျယ်ချုပ်နဲ့ နေနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး ကောင်းမွန်နေကြောင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-သမ္မတ ဦးဟင်နရီ ဗန်ထီးယူနဲ့ လွှတ်တော်သဘာပတိနှစ်ဦးလည်း တနင်္လာနေ့ကစပြီး၊ နေပြည်တော်က အစိုးရ အိမ်ယာမှာ နေအိမ်အကျယ်ချုပ်နဲ့ နေနေရပါတယ်။ စစ်တပ်က ဒု သမ္မတအဖြစ် ခန့်အပ်ခဲ့တဲ့ ဗိုလ်ချုပ်ဟောင်း ဦးမြင့်ဆွေကို ယာယီသမ္မတအဖြစ် စစ်တပ်က ခန့်အပ်လိုက်ပါတယ်။

နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်ကိုတော့ နှစ်ရက်အတွင်း အစိုးရနေအိမ်ကနေ ဖယ်ရှားပေးဖို့ စစ်အစိုးရက အမိန့်ထုတ်ထားပါတယ်။ ပြည်ထောင်စု ဝန်ကြီးတချို့ကိုတော့ နေပြည်တော်ကနေ ထွက်ခွာခွင့်မပြုဘူးလို့ သိရပါတယ်။ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ တနင်္လာနေ့ ကစပြီး အခုထိ ထိန်းသိမ်းခံခဲ့ရတဲ့ လွှတ်တော်အမတ်တွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ အနည်းဆုံး ၁၃၄ ဦး ရှိတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org