လူဝင်မှုနဲ့ ပြည်ထဲရေးပေါင်းဖို့ သမ္မတ သဝဏ်လွှာပို့
2016.01.26

နိုင်ငံတော်သမ္မတက လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနကို ပြည်ထဲရေးဝန်ကြီး ဌာနအောက် ပြောင်းရွှေ့ပြီး ဝန်ကြီးဌာန ၂ ခုကို ပေါင်းဖို့ အတွက် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းကော်မတီထံ သဝဏ်လွှာ ပေးပို့ထားပါတယ်။
ပါတီ ၁၈ ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေက အရေးပေါ်အစည်းအဝေး ခေါ်ယူပြီး လွှတ်တော်ပြင်ပမှာ ညှိနှိုင်းဆွေးနွေးကြရာမှာ သမ္မတရဲ့သဝဏ်လွှာ အတိုင်း ဝန်ကြီးဌာန ၂ ခု ပေါင်းဖို့ကို လက်ခံကြပေမယ့် ချက်ခြင်း မဆောင်ရွက်သင့်ဘူးလို့ ဆုံးဖြတ်လိုက်ကြောင်း အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုး က ပြောပါတယ်။
"ပေါင်းသင့်တယ်ဆိုတာ မူအရတော့လက်ခံတယ်၊ ၁၂ ဦးကျော်တယ်၊ အဲ့တော့ တစ်ဝက်ကျော်တယ်၊ အခုအခြေအနေမှာ ပေါင်းစရာမလိုဘူး၊ မလုပ်သင့်ဘူး၊ ဆိုတာက ၁၁ ဦးထောက်ခံတယ်၊ ဒါလည်းတစ်ဝက်ကျော်တာပဲ၊ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်ကတော့ ပေါင်းသင့်တယ်၊ အခုလည်း လုပ်မယ်၊ အဖွဲ့ချုပ်ကဒီကိစ္စ မလုပ်သင့်ဘူးလို့ပဲ ပြောပြပါတယ်"
အစည်းအဝေးမှာ သမ္မတ သဝဏ်လွှာကို လက်ခံသင့်၊ မသင့်ကို တစ်ကြိမ်၊ ချက်ခြင်း ပူးပေါင်းသင့်၊ မသင့်ကို တစ်ကြိမ် မဲခွဲဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်လုံခြုံရေး ဝန်ကြီး ဌာနနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့ကို တိုက်ရိုက်ခန့်အပ်ပါတယ်။
အဲဒီအစည်းအဝေးကို ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဌ ဦးနန္ဒကျော်စွာ၊ အတွင်းရေးမှူး ဦးစောလှထွန်း၊ လွှတ်တော်တွင်း နိုင်ငံရေးပါတီ ၁၈ ခုက ကိုယ်စားလှယ်တွေနဲ့ တပ်မတော်သားကိုယ်စားလှယ် ၅၀ နီးပါးတက်ရောက် ခဲ့ပါတယ်။
အဲဒီကိစ္စနဲ့ ပတ်သက်ပြီး မနက်ဖြန် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။
လက်ရှိ ဝန်ကြီးဌာန ၃၆ ခုရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ ဝန်ကြီးဌာနတွေ ကို ပေါင်းတာ၊ လျှော့ချတာတွေ ဆောင်ရွက် သွားဖွယ်ရှိတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။