သမ္မတဟောင်းအတွက် လုံခြုံရေးဥပဒေမူကြမ်းလက်မခံဖို့ လွှတ်တော်ကို HRW တိုက်တွန်း
2015.12.23

သမ္မတဟောင်းတစ်ယောက်ကို သူတာဝန်ထမ်းဆောင်ခဲ့တဲ့အချိန်က ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ တရားစွဲ အရေးယူတာမရှိစေရဆိုတဲ့ ဥပဒေကို မြန်မာ့လွှတ်တော်တွေအနေနဲ့ လက်မခံပယ်ချသင့်တယ်လို့ Human Rights Watch ခေါ် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က မနေ့က ပြောလိုက်ပါတယ်။
ဒီဥပဒေဟာ သမ္မတတစ်ယောက်က ရာဇဝတ်မှုကျူးလွန်မယ်ဆိုရင် လွတ်ငြိမ်းချမ်းသာခွင့်ရဖို့ ကြိုးစားတာဖြစ်တဲ့ အတွက် ရှက်စရာကောင်းပါတယ်လို့ HRW အဖွဲ့ရဲ့ အာရှတိုက်ဆိုင်ရာ လက်ထောက် ညွှန်ကြားရေးမှူး Phil Robertson ကပြောပါတယ်။
အရင်စစ်အစိုးရအဖွဲ့ဝင်ဟောင်းတွေကို တရားဝင် အကာအကွယ်ပေးထားပြီးဖြစ်သလို နောက်ထပ်အကာ အကွယ်ပေးမယ့်အစား နိုင်ငံသားအားလုံး ဘယ်သူမဆို ဥပဒေတစ်ခုတည်းအောက်မှာ တန်းတူ အကာအကွယ်ရအောင် လွှတ်တော်က ဆောင်ရွက် သင့်တယ်လို့လည်း သူကထပ်လောင်းပြောဆိုပါတယ်။
ဒါကြောင့် သမ္မတဦးသိန်းစိန်ရော နောက်လာမယ့် သမ္မတတွေပါ ဘယ်သူမဆို ရာဇဝတ်မှုကျူးလွန်မယ်ဆိုရင် တာဝန်ယူရမှာဖြစ်တဲ့အတွက် အခုတင်သွင်းထားတဲ့ဥပဒေကြမ်းကို ပယ်ချသင့်တယ်လို့ ထောက်ပြပါတယ်။
အလားတူ ဒီဥပဒေကြမ်းကို နိုင်ငံရေးနဲ့ လူမှုရေးအဖွဲ့အစည်းတွေကလည်း ပြစ်တင်ဝေဖန်လိုက်ကြပါတယ်။
သမ္မတတစ်ယောက်ဟာ မိမိတို့လို နိုင်ငံသားတစ်ယောက်ဖြစ်သလို၊ အတိတ်မှာလုပ်ဆောင်ခဲ့တဲ့ သူ့အမှားတွေကို သူပြန်ပြီးတာဝန်ယူရမယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးက ပြောပါတယ်။
ရှေ့နေကွန်ရက် အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းကလည်း သမ္မတ တစ်ယောက်ရဲ့လုပ်ရပ်တွေဟာ ပြည်သူ့အကျိုးအတွက်ပဲဖြစ်ရမယ်၊ ပြည်သူ့အကျိုးကို ထိခိုက်ဆန့်ကျင်တဲ့ လုပ်ရပ်တွေရှိခဲ့ရင်တော့ တရားဥပဒေကနေ ကင်းလွတ်ခွင့်မရသင့်ဘူးလို့ ပြောပါတယ်။