တရားရင်ဆိုင်ဆဲ နိုင်ငံရေး အကျဉ်းသား ၁၃၀ ပြန်လွတ်


2013.12.31
political-prisoner-insein-305.jpg နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ အင်းစိန်ထောင်က လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားများကို လာကြိုသူများနဲ့အတူ တွေ့ရပုံ
photo: RFA/ Kyaw Zawe Win

နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကြောင့် အကျဉ်းထောင်မှာ ကျန်နေတဲ့ နိုင်ငံရေး အကျဉ်းသား ၅ ယောက်နဲ့ တရားရင်ဆိုင်ဆဲနိုင်ငံရေးလှုပ်ရှားသူအယောက် ၁၃၀ လောက်ပြန်လွတ် လာတယ်လို့ ရန်ကုန်မြို့အခြေစိုက် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က ဒီနေ့ပြောလိုက်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က ကိုသက်ဦးက အခုလိုပြောပါတယ်။

" တိတိကျကျကတော့ ကျွန်တော်တို့အနေနဲ့ကတော့ ၅ ယောက်ပဲလို့ ပြောရမယ်၊ တရားရင်ဆိုင်နေရတဲ့ သူတွေကတော့ အများကြီးပေ့ါ၊ အချုပ်တွေ ဒီလိုတရားရင်ဆိုင်နေရသူတွေကတော့ ၁၃၀"

လက်ကျန်နိုင်ငံရေးအကျဉ်းသား စီစစ်ရေးကော်မတီစာရင်းအရ အစိုးရဆီမှာ တင်ပြထားတာ ၃၉ ယောက်ရှိပြီး အဲဒီထဲက ၅ ယောက်ပဲလွတ်လာတာလို့ ဆိုပါတယ်။

မလွတ်သေးပဲကျန်ခဲ့တဲ့သူတွေက သူတို့ထောင်ချခံရစဉ်က စွပ်စွဲခံရတဲ့ ပုဒ်မတွေအမျိုးမျိုးရှိပြီး၊ အခုလွတ်ငြိမ်းချမ်းသာခွင့်အမိန့်မှာ အကြုံးမဝင်တဲ့ ပုဒ်မတွေကြောင့်လို့ ဆိုပါတယ်။

မနေ့က လွတ်မြောက်လာသူတွေထဲမှာ အင်းစိန်အကျဉ်းထောင်က အနည်းဆုံး ၉ ဦး၊  စစ်တွေထောင် က ၄ ဦး၊ ဘူးသီးတောင် အကျဉ်းထောင် က ၄ ဦး၊ ပါဝင်ပါတယ်။

ရခိုင်ပြည်နယ် သံတွဲမြို့နယ်က ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အများအကျိုးပျက်စီးစေမှု ပုဒ်မတွေနဲ့ အမှုရင်ဆိုင်နေရတဲ့ သံတွဲမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဥက္ကဌ ဦးစောလှိုင် (ခ) ဦးမောင်ပု အပါအဝင် ၁၁ ဦးရဲ့ အမှုတွေကိုလည်း မနေ့က ရုတ်သိမ်းလိုက်ကြောင်း သိရပါတယ်။

သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဒုတိယဝန်ကြီး ဦးရဲထွဋ်က  အခု အမိန့်ကြောင့် မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတစ်ယောက်မှမရှိတော့ကြောင်း၊ သမ္မတ အနေနဲ့ ပေးထားတဲ့ ကတိအတိုင်း ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ကိုသက်ဦးနဲ့ ဆက်သွယ်မေးမြန်းခန်းချက်ကို နားဆင်ပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။