ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် ကွယ်လွန်
2025.04.21
ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် ကွယ်လွန်သွားပြီဖြစ်ကြောင်း ဗာတီကန်နန်းတော်က ထုတ်ပြန်ပါတယ်။
ဧပြီလ ၂၁ ရက် မနက် ၇ နာရီ ၃၅ မိနစ်မှာ ဗာတီကန်ရှိ Casa Santa Marta နေအိမ်မှာ ကွယ်လွန်သွားခဲ့တာလို့ ဗာတီကန်သတင်းက ဖော်ပြပါတယ်။
အသက် ၈၈ နှစ်ရှိပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးဟာ နာတာရှည်အဆုတ်ရောဂါကို ခံစားခဲ့ရပြီး ငယ်စဉ်ကထဲက အဆုတ်တစိတ်တပိုင်း ဖယ်ရှားခဲ့ရပါတယ်။
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်မှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာကြောင့် Agostino Gemelli Polyclinic ဆေးရုံကိုတက်ရောက်ခဲ့ပါတယ်။
ဆေးရုံမှာ အခြေအနေ ဆိုးရွားလာခဲ့ပြီးနောက် ဆရာဝန်တွေက ပုပ်ရဟန်းမင်းကြီးဟာ အဆုတ်ရောင်ရောဂါခံစားနေရတာကို တွေ့ရှိခဲ့ပါတယ်။
ဆေးရုံတက်ပြီး ၃၈ ရက်ကြာပြီးနောက် နေအိမ်မှာ ၂ လ ခန့် အနားယူဖို့ ဆရာဝန်တွေက အကြံပြုခဲ့ပါတယ်။
သူဟာ ဧပြီ ၂၀ ရက် တနင်္ဂနွေနေ့က ဗာတီကန်ရှိ စိန့်ပီတာရင်ပြင်မှာ ဝတ်ပြုကိုးကွယ်သူ ထောင်ပေါင်းများစွာကို Happy Easter ဆုတောင်းပေးခဲ့ပါတယ်။
မြန်မာပြည်နဲ့ ပတ်သက်ပြီးလည်း “ကြောက်မယ်ဖွယ်ကောင်းတဲ့ စစ်ကိုင်းငလျင်ကြောင့် လူထောင်ပေါင်းများစွာ သေကြေခဲ့ရပြီး ရှင်သန်ကျစ်ရစ်သူတွေထဲမှာလည်း မိဘမဲ့ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ အမြောက်အများ ရှိနေပါတယ်။ ဒီလူတွေဟာ နှစ်ပေါင်းများစွာ လက်နက်ကိုင် ပဋိပက္ခတွေထဲမှာ ဒုက္ခရောက်ခဲ့ကြရသူတွေဖြစ်တယ်။ သူတို့ဟာ သတ္တိ၊ ခွန်အား နဲ့ သည်းခံစွမ်းအား ကြီးမားသူတွေပါ။ သူတို့ကို ကူညီစောင့်ရှောက်ဖို့ မပျက်ကွက်ကြပါနဲ့။ ကယ်ဆယ်ရေးလုပ်ငန်းတွေ စွမ်းစွမ်းတမံဆောင်ရွက်နေတဲ့ စေတနာ့ဝန်ထမ်းတွေကိုလည်း နှလုံးသားထဲက ကျေးဇူးတင်ရပါတယ်။ ငလျင်ဒဏ်ခံရသူတွေ နဲ့ သူတို့ချစ်ခင်ရတဲ့ မိသားစုဝင်တွေအတွက် ဆုတောင်းပါတယ်။ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ အပစ်အခတ်ရပ်စဲရေး ကြေညာချက်ဟာ မြန်မာပြည် အနာဂတ် အတွက် မျှော်လင့်ချက်လက္ခဏာတစ်ခု ဖြစ်ပါတယ်” လို့ ပုပ်ရဟန်းမင်းကြီးက ပြောခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီးဟာ ၂၀၁၇ နှစ် နိုဝင်္ဘာလတုန်းက မြန်မာနိုင်ငံကို လာရောက်ခဲ့ဖူးပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ဖူးပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံနေရတဲ့ ဒေါအောင်ဆန်းစုကြည်ကိုပြန်လွှတ်ပေးဖို့လည်းတိုက်တွန်လေ့ရှိပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဗာတီကန်မှာ လာရောက်ခိုလှုံနိုင်တယ်လို့လည်ပြောဆိုခဲ့ပါတယ်။
တောင်အမေရိကတိုက် အာဂျင်နီးနားနိုင်ငံဖွား ဘုန်းတော်ကြီး ဖရန့်စစ်ဟာ ၂၀၁၃ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာ ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးချယ်ခံခဲ့ရပြီး ပထမဆုံး လက်တင်နွယ်ဖွားထဲက ရွေးချယ်ခံရတာဖြစ်ပါတယ်။