ပူတာအိုထောင်က နိုင်ငံရေးအကျဉ်းသား တချို့ ကျန်းမာရေး ဆိုးဝါး

ကချင်ပြည်နယ်အတွင်း နယ်ခြားစောင့် တပ် ဖွဲ့စည်းရေးကိစ္စနဲ့ ပတ်သက်ပြီး စစ်အစိုးရ အာဏာပိုင်တွေနဲ့ ကချင် လွတ်လပ်ရေးတပ်မတော် အကြား တင်းမာမှုတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း လမ်းပန်း ဆက်သွယ်မှု လျော့နည်းသွားပြီး ဆေးဝါးပစ္စည်း ရှားပါးနေတာကြောင့် ပူတာအိုအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား တချို့ ဆေးကုသဖို့ အခက်ကြုံနေကြရတယ်လို့ သိရပါတယ်။

2010.12.25

ဒါနဲ့ ပတ်သက်ပြီး ဒီဇင်ဘာလ ၁၇ ရက်နေ့က ပူတာအို အကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့ တွံတေးမြို့နယ် NLD စည်းအဖွဲ့ဝင် ဦးစံဘော်က အာအက်ဖ်အေကို ပြောပြပါတယ်။

“ဆေးဝါး မလုံလောက်ဘူး။ ဆရာဝန်တွေ ပေးသွားတဲ့ဆေးကို ထောင်ပိုင်တွေက ဝယ်ပေးရတယ်။ ဝယ်ပေးရတော့ အခု ကျနော် ပြန်မလာခင် ၂ လလောက် အလိုကတည်းက မြို့ပေါ်မှာ ဆေးဝါး တော်တော် ပြတ်သွားတာ။ ပြတ်သွားတော့ အဲ့ဒီ မြို့ပေါ်မှာတင်ကို ဝယ်လို့မရဘူး ဖြစ်တော့ ထောင်ထဲက လူနာတွေ အခု ပိုပြီး နည်းနည်း ခက်ခဲသွားတာပေါ့ဗျာ။ ရန်ကုန်ကနေ ပဲခူးထောင်ကို ပို့လိုက်တဲ့ တိုက်ကြီးမြို့နယ်က NLD လူငယ် အောင်ကျော်ဦး ဆိုတာက ပဲခူးထောင်မှာ ပုံစံမထိုင်လို့ ဆိုပြီး ထောင်ပိုင် ခိုင်စိုးနဲ့ ခြောက်ယောက် ဝိုင်းရိုက်လိုက်တဲ့ ဒဏ်တွေက အခု ပူတာအို ရောက်တဲ့အထိ တခါတခါ ဒဏ်ပြန်ထတော့ အခု ဒီရက်အတွင်းမှာ ဆေးဝါးက ကျနော် ပြန်လာတဲ့အထိ မြို့ပေါ်မှာကို ဝယ်မရတဲ့ အခက်အခဲလေးတွေ ရှိတော့ ကျန်းမာရေး အခြေအနေတော့ ဆိုးတာပေါ့ဗျာ”

ဒါ့အပြင် ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ဝင် တဦးဖြစ်တဲ့ ကိုအောင်သူဟာလည်း ပူတာအိုထောင်မှာ အေးလွန်းတဲ့ ရာသီဥတုဒဏ်ကြောင့် ခြေထောက်တဘက် အကြောအားနည်းပြီး လမ်းမလျှောက်နိုင်ဘဲ လေဖြန်းတဲ့ရောဂါ ခံစားနေရတယ်လို့ ဦးစံဘော်က ပြောပါတယ်။

ပူတာအိုထောင်ကို ရောက်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲမှာ ထောင်ဒဏ် ၉၃ နှစ် ချမှတ်ခံထားရတဲ့ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး၊ ၁၉၉၈ ခုနှစ် ကျောင်းသားခေါင်းဆောင် ကိုမျိုးမင်းဇော်၊ ဒီပဲယင်း အကြမ်းဖက်မှုမှာ အပြင်းအထန် ဒဏ်ရာရခဲ့တဲ့ မန္တလေးမြို့ NLD တိုင်းစည်းအဖွဲ့ဝင် ဒေါ်ဝင်းမြမြ၊ မုံရွာက ကိုညွန့်အောင်၊ မိတ္ထီလာက ကိုသီဟ စတဲ့ နိုင်ငံရေးအကျဉ်းသား ၁၃ ဦး ရှိနေပြီး သူတို့အားလုံးက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုနဲ့ ပြုလုပ်ဖို့ ပြင်ဆင်နေတဲ့ ၂၁ ရာစု ပင်လုံညီလာခံ သဘောထားကို ကြိုဆို ထောက်ခံကြောင်းလည်း မှာကြားလိုက်တယ်လို့ ဦးစံဘော်က ပြောပါတယ်။

ဦးစံဘော်ဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဖြစ်တဲ့ ၂ဝဝ၈ ခုနှစ် ဇွန်လ ၁၉ ရက်နေ့က NLD အဖွဲ့ချုပ်ရုံးရှေ့မှာ စွမ်းအားရှင်တွေ ရောက်ရှိလာပြီး ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ အဖွဲ့ဝင် ၁၄ ဦးထဲမှာ ပါဝင်ခဲ့သူတဦး ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။