နေပြည်တော်မှာ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ပိတ်ဆို့ခဲ့
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ သောင်းနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ နေပြည်တော် သပြေကုန်းအဝိုင်း ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ ဒီနေ့ မနက် ၉ နာရီ ဝန်းကျင်ကစပြီး ဆန္ဒပြခဲ့ပါတယ်။
- 2021-02-08
-
-
-
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ သောင်းနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ နေပြည်တော် သပြေကုန်းအဝိုင်း ဗိုလ်ချုပ် ကြေးရုပ်ရှေ့မှာ ဒီနေ့ မနက် ၉ နာရီ ဝန်းကျင်ကစပြီး ဆန္ဒပြခဲ့ပါတယ်။ ဆန္ဒပြသူတွေကို လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့က ပိတ်ဆို့တားဆီးခဲ့ပြီးနောက် နေ့လယ် ၁၂ နာရီလောက်မှာ ရဲတပ်ဖွဲ့က ပြန်ဆုတ်သွားခဲ့ပါတယ်။ အဲဒီနောက် နေ့လယ် ၁၂ နာရီခွဲ ဝန်းကျင်ခန့်မှာ လူစုခွဲခဲ့ကြပါတယ်။
ဆန္ဒပြသူတွေက ရုံးတက်ချိန် မနက် ၉ နာရီဝန်းကျင်မှာ သပြေကုန်းအဝိုင်းမှာ ပိတ်ဆို့ပြီး အစိုးရဝန်ထမ်းတွေ “ ရုံးမတက်ဘဲ ရုန်းထွက်ကြစို့” ဆိုတဲ့ စာသားတွေ ကိုင်ဆောင်ပြီး စည်းရုံးဟောပြောခဲ့ပါတယ်။
လုံခြုံရေးယူထားတဲ့ ရာနဲ့ချီတဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေကို ရှေ့ဆက်မသွားဖို့ တားဆီးခဲ့သလို လူစုခွဲရာမှာသုံးတဲ့ ရေဖြန်းကားတွေက ရေတွေနဲ့ ပတ်ဖြန်းပြီး လူစုခွဲဖို့ကြိုးစားခဲ့ပါတယ်။
ဒါပေမဲ့ ဆန္ဒပြသူတွေက လူစုမကွဲသွားဘဲ ရေဖြန်းကားတွေ ရှေ့ဆက်မတိုးနိုင်အောင် ကားတွေနဲ့ ပိတ်ဆို့ခဲ့ပါတယ်။
ရဲတပ်ဖွဲ့က လုံခြုံရေးစည်းကို ၂ နာရီကျော်ကြာ တားထားပြီး ဆန္ဒပြသူတွေဘက်ကလည်း စစ်အာဏာရှင်စနစ် အလိုမရှိကြောင်းနဲ့ ဖမ်းဆီးခံထားရတဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဒီနေ့ ညနေပိုင်းမှာလည်း နေပြည်တော်မှာ အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆက်လက်တောင်းဆို ဆန္ဒပြမယ်လို့ ပြောပါတယ်။