ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ဌာနချုပ် ဗုံးပစ်ခံရ
ရှမ်းပြည်နယ်( တောင်ပိုင်း) တောင်ကြီးမြို့မှာ ရှိတဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဌာနချုပ်ကို ဒီကနေ့ ဇွန် ၁၆ ရက်နေ့ လည်ပိုင်းမှာ ဗုံးနဲ့ ပစ်ပေါက်ခံခဲ့ရ တယ်လို့ PNO ဗဟို အလုပ်အမှုဆောင် စောခွန်ကျော်ဝင်းက RFA ကိုပြောပါတယ်။
- 2021-06-16
-
-
-
ရှမ်းပြည်နယ်( တောင်ပိုင်း) တောင်ကြီးမြို့မှာ ရှိတဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဌာနချုပ်ကို ဒီကနေ့ ဇွန် ၁၆ ရက် နေ့လယ်ပိုင်းမှာ ဗုံးနဲ့ ပစ်ပေါက်ခံခဲ့ရတယ်လို့ PNO ဗဟိုအလုပ်အမှုဆောင် စောခွန်ကျော်ဝင်းက RFA ကိုပြောပါတယ်။
ဒါပေမဲ့ ဒီဗုံးဟာ မပေါက်ကွဲဘဲ ကျန်နေခဲ့ပြီး မြန်မာစစ်တပ်ကို အကူအညီတောင်း ဖျက်ဆီးပစ်လိုက်ရတယ်လို့ ဆိုပါတယ်။ နေ့လည် ၁၂ နာရီ ဝန်းကျင်မှာ ဆိုင်ကယ်တစ်စီး PNO ရုံးချုပ်ရှေ့ကို ရောက်လာပြီး ဗုံးလာပစ်သွားတာလို့ သူက ပြောပါတယ်။ အခင်းဖြစ်ပွားချိန်မှာ စောခွန်ကျော်ဝင်းဟာ PNO ရုံးချုပ်မှာ ရှိနေတာပါ။
"အပြင်ကနေ ရုံးထဲကို လှမ်းပစ်လိုက်တာပါ။ ကျွန်တော်တို့ရုံးထဲမှာရှိတဲ့သူတွေက မသင်္ကာလို့ သက်ဆိုင်ရာကိုအကြောင်းကြားတယ်။ တပ်ဘက်က လာစစ်ဆေးတယ်။ဗုံးမှန်ကန်ကြောင်းပေါ့။ သူတို့က အားလုံးကိုဖယ်ပြီးတော့မှ အဲ့ဒီဗုံးကို ခွဲလိုက်တယ်။ ခွဲလိုက်တော့ အထိအခိုက်တော့ ဘာမှမရှိဘူး"လို့ သူကပြောပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်အတွင်း လွှတ်တော်အမတ် ၁၁ နေရာအထိ အနိုင်ရခဲ့တဲ့ PNO ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် ပြန်လည် ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံပွဲနှစ်ကြိမ်စလုံးကို တက်ရောက်ခဲ့ပါတယ်။
အစည်းအဝေးတက်ရောက်ခဲ့ပေမယ့် စစ်တပ်အာဏာသိမ်းပြီးကတည်းက PNO ဟာ နိုင်ငံရေးပါတီရဲ့ လုပ်ငန်းအားလုံးကို ရပ်နားထားတာ ဖြစ်တယ်လို့ စောခွန်ကျော်ဝင်းက ပြောပါတယ်။
ဒါ့အပြင် PNO ဟာ ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့နယ်မှာဖြစ်ပွားခဲ့တဲ့ စစ်တပ်နဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF တို့အကြား တိုက်ပွဲတွေမှာ စစ်တပ်ဘက်က ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ PNO ရဲ့ လက်နက်ကိုင်တပ် PNAက ရှမ်း-ကယားနယ်စပ်က စစ်ရေးပဋိပက္ခဟာ နယ်မြေလုံခြုံရေးကို ထိပါးလာတဲ့အတွက် မလွှဲမရှောင်သာဘဲ ခုခံကာကွယ်ခဲ့တာဖြစ်တယ်လို့ မေလ ၃၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
PNO ဟာ ပြည်တွင်းစစ်သမိုင်းမှာ အစောဆုံးလက်နက်ကိုင်တော်လှန်ခဲ့တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေအနက် တစ်ဖွဲ့ဖြစ်ပြီး ၁၉၉၁ ခုနှစ် ဧပြီ ၁၁ ရက်မှာတော့ စစ်အစိုးရ နဲ့ ငြိမ်းချမ်းရေးယူခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ အသွင်ပြောင်းပြည်သူ့စစ်အနေနဲ့ ဆက်လက်ရပ်နေသလို တစ်ဖက်မှာလည်း နိုင်ငံရေးပါတီတရပ်အသွင်နဲ့ ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်နေတာပါ။