တပ်မတော်နဲ့ PNLO ပူးပေါင်းတိုက်ခိုက်တာ မရှိ


2018.12.29
pnlo-statement-dec28-622.jpg ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်က ၂၀၁၈၊ ဒီဇင်ဘာ ၂၈ ရက်နေ့ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်ကို တွေ့ရစဉ်
.

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၅ ရက်နေ့က ရှမ်းပြည်နယ်၊ မိုင်းပန်မြို့နယ်အတွင်း တပ်မတော် ခလရ ၂၉၆ တပ်ရင်းနဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLO တို့ ပူးပေါင်းပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ RCSS ရဲ့ ထုတ်ပြန်ချက်ဟာ မဟုတ်မှန်ကြောင်း PNLO က ဖြေရှင်းချက် မနေ့က ထုတ်ပြန်ပါတယ်။

အစိုးရတပ်မတော်နဲ့ ပူးပေါင်းတိုက်ခိုက်တာမဟုတ်ကြောင်း ထုတ်ပြန်ချက်ဟာ တပ်မတော်ရဲ့ ညွှန်ကြားချက် ကြောင့် မဟုတ်ဘဲ မိမိတို့သဘောအရ အဖြစ်မှန်သိရှိနိုင်ဖို့နဲ့ အများပြည်သူတွေ ထင်မြင်မှုလွဲမှားတာမျိုး မဖြစ်အောင် ထုတ်ပြန်ရတာဖြစ်တယ်လို့ PNLO/ PNLA ရဲ့ သတင်းနဲ့ပြန်ကြားရေးအဖွဲ့က ခွန်နေထူး က ပြောပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီဇင်ဘာလ ၂၇ ရက်နေ့ ရက်စွဲနဲ့ သတင်းမီဒီယာတွေကို သတိပေးကြေညာချက် ထုတ်ပြန်တဲ့အထဲမှာ PNLO နဲ့ RCSS တိုက်ပွဲတွေကြား တပ်မတော်ဘက်က PNLO ဘက်ကနေ ဝင်ရောက်တိုက်ခိုက်ပေးတယ်လို့ ဧရာဝတီသတင်းဌာနရဲ့ သတင်းထုတ်လွှင့်ခဲ့မှုဟာ တပ်မတော်အပေါ် အထင်မှားအောင် တစ်ဘက်တည်းရဲ့ ပြောဆိုချက်တွေကို ရေးသားခဲ့တာလို့ ပြောထားပါတယ်။

RCSS ဘက်က အခုလ ၂၇ ရက်နေ့မှာ အစိုးရတပ်မတော်ဘက်က PNLO နဲ့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ရာမှာ မိုင်း ပန်မြို့နယ်၊ နားမွန်ကျေးရွာအုပ်စုအတွင်းက စာစီတောင်ကြောက RCSS တပ်စခန်းတွေကို လက်နက်ကြီး တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။

PNLO က အခုလ ၂၄ ရက်နေ့နဲ့ ၂၅ ရက်နေ့တွေမှာ နယ်မြေအတွင်း ထိပ်တိုက်တွေ့ဆုံမှုတွေအရ RCSS နဲ့ PNLO တို့ တိုက်ပွဲငယ်တွေသာ ဖြစ်ပွားခဲ့တာလို့ ပြောပါတယ်။

RCSS က ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဦးကို ဆက်သွယ်မေးမြန်းရာမှာ တစ်စုံတစ်ရာ မှတ်ချက်ပြု ပြောတာမရှိဘဲ ဒုတိယ ဗိုလ်မှူးကြီး စိုင်းမိဏ်းကို မေးမြန်းဖို့ ပြောပါတယ်။ ဒု ဗိုလ်မှူးကြီး စိုင်းမိဏ်းကို ဆက်သွယ်နေပေမယ့် ဖုန်းအဆက်အသွယ် မရသေးပါဘူး။

ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။