ပင်လည်ဘူး ဝမ်းဘဲအင်းကျေးရွာကို စစ်တပ်က လေကြောင်းကနေ ပစ်ခတ် တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်၊ မူးမြစ် နောင်မှူး မြစ်ကူးတံတားပေါ်မှာ ဒေသခံ PDF တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီ စစ်တပ်ဖွဲ့တွေ တိုက်ပွဲ ဖြစ်ပြီး နှစ်ရက်အကြာ စက်တင်ဘာလ ၂၅ ရက်နေ့မှာ စစ်ကောင်စီစစ်တပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ အသုံးပြုပြီး ဝမ်းဘဲအင်းကျေးရွာကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သိမ်းဆည်းရမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်တွေကို တွေ့ရစဉ် .

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်၊ မူးမြစ် နောင်မှူး မြစ်ကူးတံတားပေါ်မှာ ဒေသခံ PDF တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီ စစ်တပ်ဖွဲ့တွေ တိုက်ပွဲ ဖြစ်ပြီး နှစ်ရက်အကြာ စက်တင်ဘာလ ၂၅ ရက်နေ့မှာ စစ်ကောင်စီ စစ်တပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ အသုံးပြုပြီး ဝမ်းဘဲအင်းကျေးရွာကို ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံ PDF ခေါင်းဆောင်တစ်ဦးက စစ်ကောင်စီတပ်က လေကြောင်းက တိုက်ခိုက်ခဲ့တာ မှန်ကန်တယ်လို့ RFA ကို ပြောပါတယ်။

စက်တင်ဘာလ ၂၂ ရက်နေ့က ပင်လည်ဘူးမြို့နယ်၊ နောင်မှူးကျေးရွာနှင့် ဝမ်းဘဲအင်းကျေးရွာကြားရှိ မူးမြစ်တံတားပေါ်တွင်လည်း စစ်ကောင်စီတပ်နဲ့ ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူး PDF တို့ကြား ဖြစ်ပွားခဲ့သော တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၅ ဦးသေဆုံးခဲ့ပြီး ဗိုလ်ကြီး တစ်ဦး ဒဏ်ရာရရှိခဲ့သလို လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က မနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

စက်တင်ဘာ ၂၂ ရက်နဲ့ ၂၄ ရက်နေ့က တိုက်ပွဲမှာ စစ်ကောင်စီဘက်က အကျအဆုံးစာရင်း ထုတ်ပြန်ခဲ့ပေမယ့် PDF ဘက်ကတော့ ကျဆုံးတာ မရှိဘူးလို့ ဆိုပါတယ်။ စစ်ကောင်စီဘက်က တိုက်ပွဲကျသူတွေထဲမှာ ဗိုလ်အဆင့် နှစ်ဦး ပါဝင်တယ်လို့ PDF ခေါင်းဆောင်က ပြောပါတယ်။

အဲဒီ တိုက်ပွဲအတွင်း ဒေသခံ PDF တပ်ဖွဲ့ဝင် ငါးဦး ဒဏ်ရာရခဲ့ပေမယ့် စိုးရိမ်ရတဲ့ အခြေအနေမရှိဘူးလို့ အဲဒီ PDF ခေါင်းဆောင်က ပြောပါတယ်။ တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီဘက်က အရပ်သားတွေကို ဖမ်းပြီး လူသားဒိုင်း တန်ဆာခံလုပ်တာတွေ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီတိုက်ပွဲတွေထဲမှာ စစ်ကောင်စီဘက်က ၄၀ ကျော် သေဆုံးနိုင်ပြီး ဒဏ်ရာရရှိသူ ၅၀ လောက်ရှိနိုင်တယ်လို့ ဒေသခံ PDF ခေါင်းဆောင်က ပြောပါတယ်။ စက်တင်ဘာ ၂၄ ရက်နေ့ တိုက်ပွဲအတွင်းမှာပဲ စစ်ကောင်စီ တပ်သားတွေ ပစ္စည်းသယ်ရာမှာ အသုံးပြုတဲ့ ခြင်းကျား ၅၀ လောက်သိမ်းမိပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေ အပြင် ကျည်ဆံမျိုးစုံ ထောင်ပေါင်းများစွာ ရရှိခဲ့တယ်လို့လည်း ပြောပါတယ်။ ဒီတိုက်ပွဲ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီတာဝန်ရှိသူကို တယ်လီဖုန်းကတဆင့် မေးမြန်းခဲ့ပေမယ့် လက်ခံ ဖြေဆိုခြင်းမရှိပါဘူး။ ဒီတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org