အသေးစားငွေချေးလုပ်ငန်း PGMF လုပ်ငန်းတွေရပ်ပြီး ပြန်ထွက်မည်

RFA Burmese
2023.06.27
အသေးစားငွေချေးလုပ်ငန်း PGMF လုပ်ငန်းတွေရပ်ပြီး ပြန်ထွက်မည် အသေးစားငွေချေးလုပ်ငန်း Pact Myanmar ၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ချေးငွေထုတ်ပေးနေမှုအား ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့က တွေ့ရစဉ်။
Pact in Myanmar

အသေးစားငွေချေးလုပ်ငန်း Pact Global Microfinance Fund (PGMF) ရဲ့ ပိုင်ဆိုင်မှုနဲ့ အကျိုးအမြတ်တွေကို အနာဂတ်မှာ စစ်ကောင်စီကို လွှဲပြောင်းပေးမှသာ မှတ်ပုံတင်အသစ် တင်ခွင့်ပြုမယ်ဆိုတဲ့ အတွက် ဇွန်လကုန်မှာပဲ မြန်မာပြည်ကနေ ထွက်ခွာမယ်လို့ PGMF က ဇွန်လ ၂၆ ရက်နေ့ညမှာ သတင်းထုတ်ပြန်ပါတယ်။

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့အခြေစိုက် အဲဒီလုပ်ငန်းဟာ မြန်မာပြည်မှာ ၁၉၉၇ ခုနှစ်က စလို့ နှစ်ပေါင်း ၂၆ နှစ်ကြာ လုပ်ကိုင်နေတာဖြစ်ပြီး စစ်ကောင်စီလက်ထက်မှာတော့ ထွက်ခွာဖို့ ဖြစ်လာတာပါ။

စစ်ကောင်စီဘက်ကို ပိုင်ဆိုင်မှုနဲ့ အကျိုးအမြတ်တွေ အနာဂတ်မှာလွှဲပြောင်းပေးဖို့ဆိုတာ မဖြစ်နိုင်သလို ဒီလိုလုပ်ဆောင်တာက အမေရိကန်နိုင်ငံရဲ့ အရေးယူပိတ်ဆို့မှုနဲ့ပါ ကြုံတွေ့ ရနိုင်တယ်လို့ PGMF က ရေးသားထားပါတယ်။

စစ်ကောင်စီကတော့ လုပ်ငန်းမှတ်ပုံတင်ဖို့ ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထားသတ်မှတ် ထားပြီး သူတို့ရဲ့ တောင်းဆိုချက် လိုက်လျောမှသာ လုပ်ငန်းမှတ်ပုံတင်ခွင့်ပြုဖို့ ရှိနေတယ် လို့ PGMF ရဲ့ ဘုတ်အဖွဲ့ဥက္ကဋ္ဌ Ellen Varney က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

"ကျွန်မတို့ကို မှတ်ပုံတင်ခွင့်ပြုဖို့ ငြင်းဆန်ခဲ့တဲ့အပြင် အစိုးရက နိုင်ငံကနေ ထွက်ရင် ထွက် ဒါမှမဟုတ် တရားမဝင် လုပ်ငန်းလည်ပတ်ဖို့ ဖိအားပေးခဲ့ပါတယ်"

စစ်ကောင်စီဟာ PGMF လို အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေအနေနဲ့ ချေးငွေပေးခွင့် မရှိအောင် မှတ်ပုံတင်ခြင်း ဥပဒေမှာပြဋ္ဌာန်းခဲ့ပြီးPGMF ရဲ့ အကြီးအကဲတွေကိုလည်း ပြည်ဝင်ခွင့် Visa ပိတ်ပင်ခဲ့တယ်လို့ PGMF က ဖော်ပြထားပါတယ်။

PGMF ဆီက ချေးငွေရယူဖူးသူတစ်ဦးကတော့ ဒီလုပ်ငန်းကြောင့် မိသားစုပြေလည်ခဲ့ဖူးပြီး အခုလို မြန်မာပြည်က ထွက်ခွာရတာက ကျေးလက်ဒေသတွေအတွက် စိတ်မကောင်းစရာ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံက လူပေါင်းကိုးသိန်းနီးပါးဆီကနေ အမေရိကန်ဒေါ်လာ ၁၅၆ သန်းကျော်ရရှိဖို့ ရှိနေတာ တွေကို လုပ်ငန်းပိတ်သိမ်းမှာကြောင့် ပြန်ဆပ်ဖို့မလိုတော့ ကြောင်းကိုလည်း PGMF က အသိပေး ထားပါတယ်။

PGMF ဟာ အရပ်ဘက်ငွေကြေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံမှာ ရွာပေါင်း တစ်သောင်းခွဲနီးပါးက လူပေါင်း ၂ ဒသမ ၃ သန်းအတွက် အသေးစားချေးငွေ ဝန်ဆောင်မှုပေးခဲ့တယ်လို့ PGMF က ဖော်ပြထားပါတယ်။

Pact Global Microfinance Fund (PGMF) ကို ၁၉၉၇ ခုနှစ်နှစ်ကစလို့ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (UNDP) ရဲ့ အကူအညီနဲ့စတင်ခဲ့တာဖြစ်ပြီး  မြန်မာပြည်က ကျေးလက်နေပြည်သူတွေ အတွက် ဝင်ငွေတိုးပွားလာစေဖို့ ချေးငွေထုတ်ပေးနိုင်ဖို့ ရည်ရွယ်ခဲ့တာပါ။

PGMF ဟာ Pact Myanmar နဲ့ ဆက်စပ်နေပေမယ့် သီးခြားအဖွဲ့အစည်းဖြစ်တာကြောင့် Pact Myanmar ရဲ့ စီမံကိန်းတွေကတော့ ဆက်ရှိနေမယ်လို့ ဇွန် ၂၇ ရက်မှာပဲ Pact Myanmar က ထုတ်ပြန် ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။