ရော်ဘာစီမံကိန်းအတွက် သိမ်းဆည်းမြေတွေပြန်ပေးဖို့ နမ္မတူဒေသခံတွေ တောင်းဆို
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် နမ္မတူမြို့နယ်မှာ ရော်ဘာစီမံကိန်းအတွက် သိမ်းထားတဲ့ လယ်ယာမြေတွေပြန်ပေးဖို့ ဒေသခံတွေက မနေ့က တောင်းဆိုလိုက်ပါတယ်။
-
2015-01-24 -
-
-
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် နမ္မတူမြို့နယ် မှာ ရော်ဘာစီမံကိန်းအတွက် သိမ်းထားတဲ့ လယ်ယာမြေတွေပြန်ပေးဖို့ ဒေသခံတွေက မနေ့ က တောင်းဆိုလိုက်ပါတယ်။
တောင်ကြီးမြို့မှာ မြေတွေအသိမ်းခံရမှုနဲ့ ပတ်သက်တဲ့ အစီရင်ခံစာမနေ့ထုတ်ပြန်တဲ့ သတင်းစာရှင်းလင်းပွဲ မှာ တောင်းဆိုလိုက်တာပါ။
T & C Top Conquer Co. Ltd အထွတ်အထိပ်အောင်မြင်မှု စိုက်ပျိုးရေးနဲ့ စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေး ကုမ္ပဏီအတွက် နားဆိုင်းရွာနဲ့ ၂ မိုင်အကွာ က မြေလွတ်မြေရိုင်း ဧက ၁၅ဝဝ မှာ ရော်ဘာစိုက်ပျိုးဖို့ အစိုးရက ၂ဝဝ၇ ခုနှစ်မှာ ခွင့်ပြုထားတယ်လို့ အစီရင် ခံစာက ဖော်ပြပါတယ်။
ဒါပေမဲ့ အဲ့ဒီကုမ္ပဏီဟာ ရွာနဲ့ထိစပ်နေတဲ့ ရွာသားတွေ ပိုင်မြေပေါ်မှာ ရော်ဘာပင်တွေစိုက်ပျိုးပြီး တခြားရွာတွေက လူနေအိမ်ခြေတချို့ဟာလည်း လျော်ကြေးလုံးဝမရ ပဲ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ဆိုပါတယ်။ မြေသိမ်းခံရတဲ့ တောင်သူ ၈ဝ အနက် ၁၈ ဦးကပဲ ကုမ္ပဏီနဲ့ အကျိုးတူရော်ဘာစိုက်ဖို့ သဘောတူခဲ့ပေမဲ့ ကျန်တောင်သူတွေက လျော်ကြေးမရပဲ မြေသိမ်းယူခံရပါတယ်။ တအာင်းနဲ့ ဂေါ်ရခါးတွေနေထိုင်တဲ့ နားကောက်ရွာဆိုရင် လျော်ကြေးမရပဲ တစ်ရွာလုံး ပြောင်းရွှေ့ခဲ့ရပါတယ် ။ ရော်ဘာခင်းတွေထဲ ဝင်မိတဲ့ နွားတွေကျွဲတွေခြေထောက်ကို ကုမ္ပဏီက ဓားနဲ့ခုတ်ပစ်ရုံမက ရော်ဘာပင်တွေ ပျက်စီးတယ်ဆိုပြီး ပိုင်ရှင်ရွာသားတွေကို သိန်းနဲ့ချီဒဏ်ရိုက်တယ်လို့လည်း သူတို့ကပြောပါတယ်။
ဒါကြောင့် တောင်သူတွေ အဘက်ဘက်က နစ်နာနေတာမို့ သိမ်းထားတဲ့မြေတွေ ပြန်ပေးဖို့၊ နစ်နာကြေးပေးဖို့နဲ့ မတန်တဆပေးဆောင်ထားတဲ့ ဒဏ်ကြေးငွေတွေ ပြန်ပေးဖို့ ရွာသားတွေက တောင်းထားပါတယ်။