ဆောင်းဖွေးရွာဆေးရုံ လေကြောင်းတိုက်ခိုက်ခံရပြီး သုံးဦးဒဏ်ရာရ

RFA Burmese
2023.04.25
ဆောင်းဖွေးရွာဆေးရုံ လေကြောင်းတိုက်ခိုက်ခံရပြီး သုံးဦးဒဏ်ရာရ လေကြောင်းတိုက်ခိုက်ခံခဲ့ရသည့် ဖယ်ခုံမြို့နယ် ဆောင်းဖွေးရွာဆေးရုံပျက်စီးနေသည့်မြင်ကွင်း။
မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

စစ်ဘေးဒုက္ခသည်တွေနဲ့ အရပ်သားတွေကို ဆေးကုသပေးနေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ဆောင်းဖွေးကျေးရွာဆေးရုံကို စစ်ကောင်စီတပ်က ဧပြီ ၂၅ ရက်နေ့လယ်မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် သူနာပြုတစ်ဦးအပါအဝင် သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဆောင်းဖွေးဆေးရုံဟာ စစ်ဘေးဒုက္ခသည်တွေနဲ့ အရပ်သားတွေကိုသာ ဆေးကုသပေးတဲ့ ဆေးရုံဖြစ်တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုနေကောင်း က ပြောပါတယ်။

“ဒီဆေးရုံက အရပ်သားတွေ၊ စစ်ဘေးရှောင်တွေကိုပဲ ဆေးကုပေးနေတဲ့ ဆေးရုံပါ။ ရဲဘော်တွေလည်း မရှိပါဘူး။ အဲဒါကို စစ်ကောင်စီက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာပါ။ ဒဏ်ရာရတဲ့သူ သုံးဦးထဲမှာ လူနာအမျိုးသမီးတစ်ယောက်ကတော့ ဒဏ်ရာနည်းနည်းပြင်းထန်ပါတယ်။”

စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် ဆောင်းဖွေးရွာ ဆေးရုံအဆောက်အအုံနဲ့ ဆေးပေးခန်း ပျက်စီးခဲ့တယ်လို့လည်း သူက ပြောပါတယ်။ အဲဒီဆေးရုံအနီးတစ်ဝိုက်မှာ စစ်ဘေးဒုက္ခသည် သုံးရာထက်မနည်း ခိုလှုံနေကြတာဖြစ်ပြီး ဒုက္ခသည်စခန်းလည်း တိုက်ခိုက်ခံရတယ်လို့ ဆိုပါတယ်။

2.jpeg
လေကြောင်းတိုက်ခိုက်ခံရသည့် ဆောင်းဖွေးရွာဆေးရုံအနီး စစ်ဘေးဒုက္ခသည်စခန်း။ (ဓာတ်ပုံ - မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)

စစ်ကောင်စီတပ်က Mi 35 တိုက်လေယာဉ်နဲ့ ပေါင် ၅ဝဝ ဗုံးတစ်လုံးကြဲချခဲ့ပေမဲ့ အဲဒီဗုံးက မပေါက်ကွဲဘဲ ကျန်နေခဲ့တယ်လို့လည်း ကိုနေကောင်းက ပြောပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့် People Media မှာတော့ ဖယ်ခုံမြို့နယ်၊ အနောက် ကယန်းကျေးရွာ အုပ် စုမှာရှိတဲ့ ဆောင်းဖွေးကျေးရွာ မှာတပ်စွဲထားတဲ့ KNPP/PDF စခန်းကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီဆေးရုံဟာ နိုင်ငံတော်ပိုင် ဆေးရုံဖြစ်ပြီး၊ အဲဒီမှာတာဝန်ကျ ဆရာဝန်သူနာပြုတွေကို လုံခြုံရေးအရ စစ်တပ်ဘက်ကနေ နေရာရွေ့ထားပြီးနောက် KNPP လက်နက်ကိုင်တပ်တွေ ဝင်ရောက်တပ်စွဲထားတာလို့ စွပ်စွဲဖော်ပြထားပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တရားဝင်သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

ကရင်နီတပ်မတော် KA ရဲ့ စစ်ဘက်ရေးရာသတင်းထုတ်ပြန်ရေးအဖွဲ့ ခူးညေးရယ်ကတော့ သူတို့တပ်ဖွဲ့တွေဟာ ရွှေ့ပြောင်းလှုပ်ရှားလေ့ရှိပြီး ဆေးရုံလိုနေရာမျိုးတွေမှာ တပ်စွဲ နေထိုင်တာမျိုး မရှိဘူးလို့ တုံ့ပြန်ပါတယ်။

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံနဲ့ မိုးဗြဲမြို့နယ်အတွင်းမှာ အခုနှစ်ဆန်းပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေတာပါ။

ဧပြီလ ၂၄ရက်နေ့ကလည်း မိုးဗြဲနဲ့ ပင်လောင်းအစပ်က မြောက်စလုံး ကျေးရွာအနီး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက် အကျအဆုံးများခဲ့သလို လက်နက်တွေလည်း သိမ်းဆည်းရမိတယ်လို့ ကရင်နီစစ်ဘက်ရေးရာ သတင်းထုတ်ပြန်ရေး စင်တာ KnIc က ဧပြီ ၂၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။