စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လက်နက်ကိုင်တွေ မတက်ဖို့ အဖွဲ့အစည်း ၅၀၀ ကျော်တောင်းဆို

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ အတုအယောင်ဆွေးနွေးပွဲဖြစ်လို့ တိုင်းရင်းသားလက်နက်ကိုင်တွေ မတက်ဖို့ အရပ်ဘက်လူမှုအဖွဲ့အစည်း ၅၆၇ ဖွဲ့က စက်တင်ဘာ ၂၆ ရက် မနေ့က အိတ်ဖွင့်ပေးစာပို့ တိုက်တွန်းလိုက်ပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌနှင့် UWSP၊ NDAA၊ SSPP မှ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့စဉ်။ ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ အတုအယောင်ဆွေးနွေးပွဲဖြစ်လို့ တိုင်းရင်းသား လက်နက်ကိုင်တွေ မတက်ဖို့ အရပ်ဘက်လူမှုအဖွဲ့အစည်း ၅၆၇ ဖွဲ့က စက်တင်ဘာ ၂၆ ရက် မနေ့က အိတ်ဖွင့်ပေးစာပို့ တိုက်တွန်းလိုက်ပါတယ်။

လက်ရှိ ပြည်တွင်းမှာဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေဟာ စစ်ကောင်စီနဲ့ ပြည်သူတွေကြားက ပဋိပက္ခဖြစ်သလို အရပ်သားအစိုးရကို ဖယ်ရှားပြီး အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာ အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေ ဆက်တိုက်ကျူးလွန်နေတယ်လို့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက ဆိုပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ ပြည်သူလူထုနဲ့ အာဆီယံ အပါအဝင် နိုင်ငံတကာကို လှည့်စားဖို့ တိုင်းရင်းသားလက်နက် အဖွဲ့အစည်းတွေကို အသုံးချနေတာလို့ အိတ်ဖွင့်ပေးစာ မှာ ဖော်ပြထားပါတယ်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကိုကိုင်ပြီး ငြိမ်းချမ်းရေးဖိတ်ခေါ်တာဟာ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့နဲ့ တိုင်းရင်းသားတွေ လိုလားတဲ့ နိုင်ငံရေး အဖြေရှာဖို့ မဟုတ်ဘဲ နိုင်ငံတစ်ဝန်းက လက်နက်ကိုင် ခုခံမှုတွေရဲ့ အင်အားကို ဖြိုခွဲဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ အခုလို တောင်းဆိုနေချိန်မှာပဲ နေပြည်တော်မှာ စစ်ကောင်စီနဲ့ “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ခေါင်းဆောင်တွေ ဆွေးနွေးနေပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌကတော့ ဒီဆွေးနွေးပွဲဟာ ခေတ်အဆက်ဆက် မဖြေရှင်းနိုင်ခဲ့တဲ့ ပြည်တွင်းစစ်ပဋိပက္ခကို ဖြေရှင်းဖို့ ကြိုးပမ်းနေတာလို့ စက်တင်ဘာ ၂၆ ရက် မနေ့က ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ NLD အစိုးရလက်ထက် ငြိမ်းချမ်းရေးဆွေးနွေးဘက်အဖြစ် သတ်မှတ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၈ ဖွဲ့ ရှိပါတယ်။ အဲဒီထဲက UWSP အပါအဝင် ဆယ်ဖွဲ့က စစ်ကောင်စီနဲ့ ဆွေးနွေးနေပြီး ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကချင် လွတ်မြောက် ရေး တပ်မတော် (KIA) အပါအဝင် ရှစ်ဖွဲ့က စစ်ကောင်စီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ မပါဝင်ပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org