ကရင်နီပြည် ငြိမ်းချမ်းရေး လူထုနှီးနှောဖလှယ်ပွဲ ကြေညာချက်ထုတ်
2018.05.28

တပ်မတော်ဘက်က တိုင်းရင်းသားဒေသတွေမှာ တပ်မတော်က ထိုးစစ်ဆင်တာတွေ ရပ်တန့်ပေးဖို့နဲ့ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲကြောင်း ကြေညာပေးဖို့ ကယားပြည်နယ်(ကရင်နီပြည်)၊ လွိုင်ကော်မြို့မှာ ၃ ရက်ကြာကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးလူထု နှီးနှောဖလှယ်ပွဲ ကနေ တောင်းဆိုလိုက်ပါတယ်။
ငြိမ်းချမ်းရေး လူထု နှီးနှောဖလှယ်ပွဲ ဖြစ်မြောက်ရေးကော်မတီဝင် ကယန်းအမျိုးသားပါတီ ဥက္ကဋ္ဌ ခွန်းဘီထူးက တောင်းဆိုချက်တွေနဲ့ပတ်သက်ပြီး အခုလိုပြောပါတယ်။
"ဒီနေ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာပေါ့နော် တပ်ဘက်ကနေပြီးမှ ငြိမ်းချမ်းရေးကို လိုသလို ကြိုးဆွဲနေတယ်၊ အထူးသဖြင့် အစိုးရဘက်ကလည်း ပါတီရဲ့ အကျိုးစီးပွားကိုပဲ ဦးစားပေးပြီးမှ လုပ်ဆောင်နေတယ် စသည်ဖြင့် ကျနော်တို့ သုံးသပ်ကြတာတွေ များတယ်။ ဒီ့အပြင် ဒီနေ့ ငြိမ်းချမ်းရေးကိုပေါ့နော် အဟန့်အတားဖြစ်စေနိုင်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ကိစ္စလိုမျိုးတွေ ထိုးစစ်ဆင်နေတဲ့ ကိစ္စလိုမျိုးတွေပေါ့နော်၊ လူအခွင့်အရေး ချိုးဖောက်နေတဲ့ ကိစ္စလိုမျိုးတွေကို ကျနော်တို့က သုံးသပ်တဲ့အတွက် အဲဒီအပေါ်မှာ လူထုတွေရဲ့ ဆန္ဒကို အစိုးရရော တပ်ရော ကျန်တဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကရော နားထောင်ပြီးမှ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် ဖြစ်အောင် လုပ်ဆောင်ဖို့ လိုတယ်ဆိုပြီးမှ ဒီကြေညာချက်ကို ထုတ်ပြန်ပြီးမှ ကျနော်တို့ တောင်းဆိုရခြင်း ဖြစ်ပါတယ်"
ကန့်သတ်ချက်တွေရှိနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်ကနေ သွားတဲ့ NCA စာချုပ်က အလုပ်မဖြစ်တဲ့ အတွက် နောက်ထပ်လမ်းကြောင်း အသစ်တွေနဲ့ သွားဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။
နိုင်ငံရေးပြဿနာတွေကို အကြမ်းဖက်ဖြေရှင်းတာ မလုပ်ဖို့၊ တိုင်းရင်းနယ်မြေဒေသတွေမှာ စစ်ရေးရည်မှန်းချက်နဲ့ လမ်း၊ တံတား ဖောက်လုပ်တာတွေ မလုပ်ဖို့ တောင်းဆိုချက်ထဲမှာ ပါရှိပါတယ်။
ဒါ့အပြင် တိုင်းပြည်ရဲ့ အထွေထွေပြဿနာတွေကို ဖြေရှင်းဖို့အတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပေးဖို့၊ NCA လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကိုလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်ခွင့်ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။
ငြိမ်းချမ်းရေး လူထု နှီးနှောဖလှယ်ပွဲကို ကယားပြည်နယ် (ကရင်နီပြည်) မှာ ပထမဆုံးအကြိမ် ကျင်းပခဲ့ပြီး နောက်ထပ် တိုင်းနဲ့ ပြည်နယ် အသီးသီးမှာလည်း ကျင်းပသွားမယ်လို့ သိရပါတယ်။
ငြိမ်းချမ်းရေး နှီးနှောဖလှယ်ပွဲကို မေလ ၂၆ ရက်နေ့ကနေ ဒီနေ့အထိ ၃ ရက်ကြာ ကျင်းပခဲ့ပြီး ကယားပြည်နယ် အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ၊ အခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ တိုးတက်သော ဒီမိုကရက်တစ်အင်အားစု PDF အဖွဲ့ဝင် နိုင်ငံရေးအင်အားစုတွေ၊ လူငယ်အဖွဲ့အစည်းနဲ့ အခြား အရပ်ဖက်လူမှုအဖွဲ့စည်း ကိုယ်စားလှယ်တွေ ၃၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။