ငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံ ပြဿနာအကြောင်း သတင်းစာရှင်းလင်း


2019.03.30
peace-and-constitution-problem-press-622.jpg ငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြဿနာ ဆွေးနွေးပွဲ စုစည်းရရှိချက်များ ထုတ်ပြန်ခြင်း သတင်းစာရှင်းလင်းပွဲကို ၂၀၁၉၊ မတ် ၃၀ ရက်နေ့က ရန်ကုန်မြို့ ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းမှာ ကျင်းပစဉ်
Photo: Thant Zin Oo/ RFA

ငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြဿနာ ခေါင်းစဉ်နဲ့ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲက ရရှိလာတဲ့ သဘောထား စုစည်းချက်တွေနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ၈၈ မျိုးဆက်ကျောင်းသားတွေ အပါအဝင် ဒီမိုကရေစီရေး လုပ်ဖော်ကိုင်ဖက်များအဖွဲ့က ဦးဆောင်ကာ ရန်ကုန်မြို့ ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် လက်ရှိအစိုးရ သွားနေတဲ့ နည်းလမ်းသုံးခုဖြစ်တဲ့ လွှတ်တော်ထဲက ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီလမ်းကြောင်း၊ အခြေခံဥပဒေပုဒ်မ ၄၃၅ အရ လွှတ်တော်မှာ ပြင်ဆင်ရေးလမ်းကြောင်းနဲ့ ၂၁ ရာစုပင်လုံက တဆင့် ပြင်ဆင်ရေးလမ်းကြောင်းတွေဟာ တပ်မတော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက မထောက်ခံရင် ပြင်ဆင်လို့မရနိုင်ဘူးလို့ ဒီမိုကရေစီရေး လုပ်ဖော်ကိုင်ဖက်များအဖွဲ့ဝင်တွေက ပြောပါတယ်။

ဒါကြောင့် NLD အစိုးရအနေနဲ့ အဲဒီနည်းတွေနဲ့ အဆင်မပြေခဲ့ရင် ဘယ်လိုဆက်သွားမလဲဆိုတာ ပြည်သူတွေကို ရှင်းရှင်းလင်းလင်း အသိပေးသင့်တယ်လို့ ၈၈ မျိုးဆက် ဗကသကျောင်းသားဟောင်း ဦးတင်အေးက ပြောပါတယ်။

၈၈ မျိုးဆက်အဖွဲ့ဝင်တွေနဲ့ ဒီမိုကရေစီရေး လုပ်ဖော်ကိုင်ဖက် အဖွဲ့ဝင် ၂၀ ကျော်စုပေါင်းပြီး  မတ် ၁၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးဆွေးနွေးပွဲအရ လက်ရှိအစိုးရသွားနေတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးလမ်းကြောင်း သုံးခုလုံး အဆင်ပြေနိုင်ဖို့ အလားအလာ နည်းတဲ့အတွက် နောက်ထပ် နည်းလမ်း နှစ်ခုဖြစ်တဲ့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ပြုလုပ်ရေးလမ်းကြောင်းနဲ့ ပြည်သူ့လွှတ်တော်ဥပဒေကို ပြင်ဆင်ပြီး တပ်မတော်သား ကိုယ်စားလှယ် အရေအတွက် လျှော့ချတဲ့နည်းလမ်းတွေကို ပြုလုပ်ဖို့အကြံပြုတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

တဆက်တည်းမှာပဲ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေး လမ်းကြောင်းကို အောင်အောင်မြင်မြင် လျှောက်လှမ်းနိုင်ရေးအတွက် အရေးကြီးဆုံးဖြစ်တဲ့ မဟာမိတ်ဆက်ဆံရေး ပေါ်လစီကို ပြန်လုပ်ဖို့လိုတယ်လို့ ဖက်ဒရယ် ဒီမိုကရက်တစ်အင်အားစု ခေါင်းဆောင် ဦးမြအေးက ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့လိုက်တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။