စစ်ကိုင်းနဲ့ ကယားမှာ PDF ကို စစ်တပ်က အရှိန်မြှင့်တိုက်ခိုက်နေ
စစ်အာဏာသိမ်း ကိုးလအကြာမှာ ခုခံစစ်များတဲ့ စစ်ကိုင်းတိုင်းထဲက ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်လာသလို၊ ကယားပြည်နယ်ဘက်မှာလည်း လက်နက်ကြီးနဲ့ ပစ်ခတ်နှိမ်နင်းနေတယ်လို့ ဒေသခံတွေနဲ့ PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
- 2021-11-02
-
-
-
စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်က ကျေးရွာနှစ်ခုကို အောက်တိုဘာ ၂၈ ကနေ ဒီကနေ့ နိုဝင်ဘာ ၂ ရက်နေ့အထိ စစ်တပ်က စစ်ရဟတ်ယာဥ်တွေသုံးပြီး ငါးရက်ကြာ လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတဲ့အတွက် အရပ် သား ၂၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျွန်းလှမြို့နယ်ထဲက အင်လှရွာနဲ့ ကျွဲတဲရွာအနီးမှာ အောက်တိုဘာလ ၂၈ ရက်နေ့ကတည်းက စစ်တပ်က ရဟတ်ယာဥ် ခြောက်စင်းနဲ့ ပစ်ခတ်နေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ဘေးကယ်ဆယ်ရေး လုပ်နေသူတစ်ဦးက ပြောပါတယ်။
“ရဟတ်ယာဉ်နဲ့ ပစ်တဲ့အတွက် ကျွဲတဲရွာနဲ့ အင်လှရွာက စစ်ရှောင်ကြရတယ်။ စစ်ရှောင်လူဦးရေ အင်အား အနည်းဆုံး ၁၅၀၀ ကနေ ၂၀၀၀ ကြားရှိတယ်။ လက်နက်ကိုင်လူငယ်တွေရှိတယ်ဆိုပြီးတော့ ကျွဲတဲရွာက ဒလန်က သတင်းပေးလို့ ဝင်လာကြတာ။ ရဟတ်ယာဉ်ခြောက်စင်းနဲ့ ဝင်လာတယ်ပစ်တယ်။ စစ်သားတွေ ချတယ်။ ကိုယ့်အချင်းချင်းကတော့ ဆန်ကတော့ ပေးနိုင်ပေမဲ့ ဆေးဝါးနဲ့ တခြားရိက္ခာကျတော့ ကျွန်းလှကို လည်း သွားခွင့်မရှိတော့ ဆန်လုံလောက်ပေမဲ့ ဆေးဝါးမရှိဘူး၊ အဝတ်တစ်ထည်၊ ကိုယ်တစ်ခုနဲ့ ပြေးလာရ တာဆိုတော့ လိုအပ်ချက်ကတော့များတယ်"
အောက်တိုဘာ၂၈ ရက်နေ့က စစ်အင်အား ၁၅၀ လောက်ကို စစ်ရဟတ်ယာဉ်တွေသုံးပြီး ကျွဲတဲရွာအနီးက တောထဲမှာ လာချသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီစစ်သားတွေဟာ အခုချိန်ထိ ကျွဲတဲရွာမှာပဲ အခြေချတပ်စွဲထားကြပြီး ဘယ်တပ်က ဖြစ်တယ်ဆိုတာကိုတော့ အတိအကျမသိရဘူးလို့ဆိုပါတယ်။ ကျွန်းလှ မြို့နယ်မှာ စစ်သားတွေ ဝင်ရောက်တပ်စွဲထားတဲ့ ငါးရက်တာကာလအတွင်း အရပ်သား သုံးယောက်ထက် မနည်း အသတ်ခံခဲ့ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ကျွန်းလှမြို့နယ် ကျွဲတဲရွာကို စစ်တပ်က ဝင်ရောက်ချိန်မှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတဲ့ ဇနီးဖြစ်သူကို သွားကူ ရင်း ခင်ပွန်းဖြစ်သူပါ သေဆုံးခဲ့သလို၊ လွှတ်တိုက်ရွာမှာလည်း စစ်တပ်ကိုကြောက်လို့ ထွက်ပြေးတဲ့ အမျိုးသား တစ်ယောက် ပစ်သတ်ခံခဲ့ရပြီး အလောင်းကို အိမ်သာတွင်းထဲထည့်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကျွဲတဲနဲ့ လွှတ်တိုက်ရွာက အဲဒီသေဆုံးခဲ့သူ သုံးဦးရဲ့ အမည်နဲ့ အသက်တွေကိုတော့ မသိရသေးပါဘူး။
ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေများပြားတဲ့ စစ်ကိုင်းတိုင်းကို စစ်တပ်က အလောင်းမင်းတရား စစ်ဆင်ရေး ဆိုတဲ့ အမည်သုံးပြီး တိုက်ခိုက်နှိမ်နင်းဖို့ ကြိုးစားနေတယ်လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျွန်းလှ မြို့နယ် ဒေသခံတွေက RFA ကို ပြောပါတယ်။
အလောင်းမင်းတရား စစ်ဆင်ရေးနဲ့ ကျွန်းလှမြို့နယ်ထဲက အရပ်သားသေဆုံးမှုတွေအကြောင်း အတိအကျ သိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းတဲ့အခါ စစ်ကိုင်းတိုင်းထဲမှာ နာမည်တစ်ခုခု သုံးပြီး စစ်ဆင်ရေးဆင်နွှဲနေတာ မရှိဘူးလို့ ငြင်းဆိုပါတယ်။ ဒါပေမဲ့ အကြမ်းဖက်အဖွဲ့တွေနဲ့ ပတ်သက်ရင် လုပ်သင့်လုပ်ထိုက်တာကို လုပ်ဆောင်နေတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
“ယခင် ကျွန်တော်တို့ ထုတ်ပြန်ထားသလိုပဲ၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေး၊ ပြည်သူ့ ဘ၀ အေးချမ်းသာယာရေးအတွက် လိုအပ်တဲ့ လုံခြုံရေးဆိုင်ရာ ဆောင်ရွက်မှုတွေကိုတော့ ဆောင်ရွက် လျှက်ရှိပါတယ်။ တပ်မတော်အနေနဲ့ကော၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ကော လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ရပ်တည်ချက်ကတော့ အကြမ်းဖက်အဖွဲ့တွေနဲ့ ပတ်သက်ပြီး တည်ငြိမ်းအေးချမ်းရေးကို ရည်ရွယ်ပြီး လုပ်သင့်လုပ်ထိုက်တဲ့ဆောင်ရွက်မှုတွေလုပ်နေတာဖြစ်ပါတယ်။ မည်သူပဲသေသေ၊ ထိခိုက်ဒဏ်ရာရရ မြန်မာနိုင်ငံသားတွေပဲဖြစ်ပါတယ်”
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်၊ နွယ်ရှောက်ရွာအနီးမှာလည်း ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီကနေ့ နိုဝင်ဘာ ၂ ရက်နေ့မှာ ရဲကားတစ်စီးကို မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင် နှစ်ယောက်သေဆုံးပြီး ခုနှစ်ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ပုလဲမြို့နယ် PDF တပ်ဖွဲ့က ပြောပါတယ်။
"ရဟတ်ယာဉ်ခြောက်စင်းနဲ့ ဝင်လာတယ်ပစ်တယ်။ စစ်သားတွေချတယ်"
PDF တွေမှာ လက်နက်အစစ်တွေကို သုံးနိုင်ပြီဖြစ်လို့ တော်လှန်ရေးအရှိန်ဟုန်ပိုပြီးတော့ မြင့်လာနိုင်တယ်လို့ ပုလဲ PDF အဖွဲ့က ဗိုလ်နဂါးက ပြောပါတယ်။
“စစ်ကောင်စီအဖွဲ့တွေ လာလေ့ရှိတဲ့လမ်းကြောင်းတစ်ခုကို စောင့်ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်တယ်။ ၁၅ မိနစ်ကျော်ကျော်လောက်ထိဖြစ်တယ်။ အပြန်အလှန်ပစ်ကြတယ်။ ကျတဲ့သူကျတယ်။ ဒဏ်ရာရတဲ့သူရပြီး သူတို့လည်းဆုတ်သွားတယ်။ အဲဒီမှာ မြို့နယ်မှူး အပါအဝင် တော်တော်များများထိခိုက်သွားတယ်။ မြို့နယ်မှူးကတော့ မုံရွာဆေးရုံမှာကုနေရတယ်။ သေတော့မသေသေးဘူးပြောတယ်။ ဒဏ်ရာပြင်းထန် တယ်။ ခုနစ်ယောက်တဲ့၊ ကျွန်တော်တို့ကလည်း အခုက တူမီးမဟုတ်တော့ဘူး၊ မောင်းပြန်ပါလာတယ်။ ပြည်သူတွေလှူထားတာတဲ့လက်နက်တွေ ဝယ်ပေးထားတယ်။ ကျွန်တော်တို့ရဲ့ စစ်ရေးက တော်လှန်ရေး အရှိန်အဟုန်က ပိုပြီးတော့မြင့်နိုင်တာပေါ့"
ပုလဲမြို့နဲ့ လေးမိုင်လောက်ပဲဝေးတဲ့နေရာမှာ ဖြစ်ပွားခဲ့တဲ့ ဒီကနေ့ မနက်အစောပိုင်း တိုက်ခိုက်မှုကို PDF တပ်ဖွဲ့ဝင် ၁၅ ယောက်က လုပ်ဆောင်ခဲ့တာဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ အထိအခိုက်မရှိခဲ့ဘူးလို့ သူက ဆိုပါတယ်။
ကယားပြည်နယ် ဒေါငံခါးရွာမှာတော့ နိုဝင်ဘာလ ၁ ရက်နေ့က စစ်တပ်ဘက်က PDF တပ်ဖွဲ့တွေရှိရာဘက်ကို လက်နက်ကြီး ဆယ်လုံးခန့်နဲ့ ပစ်ခတ်ခဲ့တာကြောင့် လူနေအိမ်တွေပါထိမှန်ပြီး နေအိမ်ငါးလုံးလောက် ပျက်စီးခဲ့ တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“မနေ့က ဒေါငံခါးဘက်မှာ လက်နက်တွေ အရမ်းလှမ်းထုတော့ လူနေအိမ်တချို့ ပျက်စီးသွားတယ်။ မနေ့ က လက်နက်ကြီး အားလုံးပေါင်း ၁၀ လုံးလောက်ရှိမယ်။ အိမ်က မီးရှို့ခံရတာ သုံးလုံးရှိပြီ၊ ထိခိုက်ပျက်စီး တာက လေးငါးလုံးလောက်ရှိပြီ။ စစ်ကောင်စီက ဟိုအရင်တုန်းက ဘောလခဲထိရောက်သွားတဲ့စစ်ကြောင်း ပြန်တက်လာတာ၊ မိုးဗြဲဘက်တက်တော့ အခု သူတို့စစ်ကြောင်းက အင်အား ၂၀၀ လောက်က မိုးဗြဲမှာပဲ ထောက်နေသေးတယ်။ အခုဒီဘက်ပြန်မဆင်းလာသေးဘူး၊ ရှေ့အလားအလာကတော့ စစ်ကြောင်းထိုးတဲ့ အပေါ်မှာ မူတည်တယ်။ သူတို့နယ်မြေကျော်လာရင်တော့ ပစ်မှာပဲ"
အခုတစ်ပတ်အတွင်း စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ မိုးဗြဲမြို့နယ်မှာ တိုက်ပွဲနှစ်ကြိမ်နဲ့ ဒီးမော့ဆို မြို့နယ်မှာ တစ်ကြိမ် စုစုပေါင်းသုံးကြိမ် ဖြစ်ပွားခဲ့တယ်လို့လည်းဆိုပါတယ်။
စစ်ကောင်စီကတော့ လာမယ့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်မယ့် ၇၅ နှစ်ပြည့် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဖို့၊ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေ ထိထိရောက် ရောက်ဆောင်ရွက်နိုင်ဖို့နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးမြင့်ဆောင်ရွက်နိုင်ဖို့ဆိုပြီး စစ်ရေးလှုပ်ရှားမှုတွေကို အခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ ငါးလကြာ ရပ်ဆိုင်းထား တယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ စက်တင်ဘာလ ၂၇ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။