ပေါင်းတည် နတ်ရေတွင်းရွာ နေအိမ်အလုံး လေးဆယ်ကျော် မီးရှို့ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ် နတ်ရေတွင်းရွာက နေအိမ် ၄၃ လုံးကို စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်၊ နတ်ရေတွင်းရွာ မီးရှို့ဖျက်ဆီးခံရသည်ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့က တွေ့ရစဥ်။ PPDF

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ် နတ်ရေတွင်းရွာက နေအိမ် ၄၃ လုံးကို ဇန်နဝါရီ ၂၄ ရက် မွန်းလွဲ တစ်နာရီကျော်မှာ စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ ပေါက်ခေါင်းမြို့နယ် တောင်လက်ကြီးရွာကနေ သုံးမိုင်ခန့်ဝေးတဲ့ နတ်ရေတွင်းရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်လာပြီး နေအိမ်တွေကိုမီးရှို့ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နတ်ရေတွင်း ဒေသခံတစ်ဦးကပြောပါတယ်။

“အကုန်လုံး ၄၃ လုံး ရှို့သွားတယ်။ ဘာမှတိုက်ပွဲဖြစ်တာလည်း မဟုတ်ဘူး။ သူတို့တွေက ကျွန်တော်တို့ရွာကို လက်နက်ကြီးနဲ့ထုတယ်။ ထုပြီး သူတို့ဟာသူတို့ ဝင်ရှို့တယ်”

အဲဒီရွာဟာ ပေါင်းတည်မြို့ကနေ ၁၈ မိုင်ကွာဝေးပြီး ပေါင်တည်မြို့နယ်နဲ့ ပေါက်ခေါင်းမြို့နယ်အစပ်မှာ တည်ရှိပါတယ်။ အိမ်ခြေ ၂၇၀ ခန့်ရှိတယ်လို့ သူကဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုး ပစ်ခတ်မှုတွေကြောင့် ဒေသခံတွေဟာ ရွာမှာမနေရဲတာ တစ်လခန့်ရှိနေပြီး လူမရှိတဲ့နေအိမ်တွေကို စစ်တပ်က ဝင်ရောက် မီးရှို့ဖျက်ဆီးသွားတာလို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကတော့ ပေါင်းတည်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပြီး PDF တွေဆုတ်ခွာချိန် ရွာက နေအိမ်တွေကို မီးရှို့သွားတာလို့ RFA ကိုပြောပါတယ်။

“ပေါင်းတည်ဘက်မှာ PDF တွေ လှုပ်ရှားတာတွေရှိတယ်။ နယ်မြေလုံခြုံရေးကို ဆောင်ရွက်နေတဲ့ လုံခြုံရေး အဖွဲ့အစည်းတွေနဲ့လည်း ထိတွေ့မှုရှိတယ်။ ကျွန်တော်သိသလောက်ကတော့ PDF တွေက ဆုတ်ခွာတဲ့အချိန်မှာ ရွာတွေကို မီးရှို့တာတွေ လုပ်သွားတာ”

စစ်ကြောင်းထိုး မီးရှို့နေတဲ့ အင်အားငါးဆယ်ခန့်ပါ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြည်ခရိုင်တပ်ရင်း (၃၆၀၁ PPDF) လက်အောက်ခံ၊ တပ်ခွဲ(၁) နဲ့ တပ်ခွဲ (၂) ရဲ့ ဧရာညီနောင်စစ်ကြောင်းက ဇန်နဝါရီ ၂၄ ရက် မနက် ခြောက်နာရီခန့်က တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ အဖွဲ့တာဝန်ခံကပြောပါတယ်။

ဇန်နဝါရီလ ၁၄ ရက်နေ့ကလည်း ပေါင်းတည်မြို့နယ်၊ သစ်ပုတ်အုပ်စု၊ မအူကွင်းကျေးရွာကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့လို့ နေအိမ် ၃၃ လုံးပျက်စီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

၂၀၂၃ ခုနှစ်အတွင်းမှာ နိုင်ငံတစ်ဝန်းက နေအိမ် ၃၀၂၇၃ လုံး စစ်ကောင်စီ တပ်သားတွေရဲ့ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒီဖြစ်ရပ်တွေကို လေ့လာစောင့်ကြည့်နေတဲ့ Data for Myanmar အဖွဲ့ရဲ့စာရင်းတွေမှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org