ဦးပါမောက္ခကို ပုဒ်မ ၁၉ နဲ့ ထောင်ဒဏ်တစ်လချမှတ်


2017.11.21
parmaukkha-622.jpg ဦးပါမောက္ခ ကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့က ကမာရွတ်မြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့စဉ်
Photo: Thant Zin Oo/RFA

ငြိမ်းစုစီဥပဒေပုဒ်မ ၁၉၊ နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့နဲ့ တရားစွဲဆိုခံထားရတဲ့ မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခကို ကမာရွတ်မြို့နယ် တရားရုံးက ငြိမ်းစုစီ ပုဒ်မ ၁၉ နဲ့ ဒီနေ့ ထောင်ဒဏ်(၁)လချမှတ်လိုက်ပါတယ်။

နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) အမှုကိုလည်း ဒီကနေ့မှာစွဲချက်တင်လိုက်ရာ အဲဒီအမှုနဲ့ ပတ်သက်ပြီး ပလပ်ပေးဖို့ တရားရုံးကိုလျှောက်ထားခဲ့တယ်လို့ ဦးပါမောက္ခရဲ့ မိသားစုဝင် ဦးအောင်မြိုင်(မစိုးရိမ်)က ပြောပါတယ်။

"သတင်းပေးတိုင်ချက်မှာ ပါခဲ့တဲ့လက်မှတ်ဟာ တရားလို ဒု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်ရဲ့ လက်မှတ်အစစ်အမှန် ဖြစ်နေတဲ့အတွက်ကြောင့် ဒီအမှုဟာ မပလပ်သင့်ပါဘူးလို့ တရားရုံးတော်ဘက်က ဥပဒေအရာရှိက ပြန်လည်ချေပပြီးတော့ ငြင်းချက်ထုတ်လိုက်ပါတယ်။ အဲဒီငြင်းချက်ကြောင့် နောက် ၂၈ ရက်နေ့ကို ရုံးချိန်းထပ်ပြီးတော့ ချိန်းတဲ့အနေအထား ပေါ်ပေါက်ပါတယ်"

ရုံးထုတ်အပြီးမှာ ဦးပါမောက္ခ က အခုလို ပြောကြားခဲ့ပါတယ်။

"ယနေ့ ဘုန်းကြီး ထောင်ကျရခြင်းမှာ ပြစ်မှုကျူးလွန်လို့မဟုတ်ဘဲ  ဦးမြင့်ထွေး၏ မဟုတ်မမှန် လုပ်ကြံ ပြီးတော့ ဦးမြင့်ထွေး ဥပဒေအထက်မှာ  ရှိနေခြင်းကြောင့် မကွေးဘုန်းကြီး ထောင်ကျရခြင်းဖြစ် တယ်။  ပြစ်မှုကျူးလွန်ခြင်းကြောင့် မဟုတ်ပါဘူး"

ဒီကနေ့ ဒုတိယအကြိမ် ရုံးထုတ်မှာ တရားလိုဖြစ်တဲ့ ကမာရွတ်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်ကို မေးခွန်း ၄၀ ကျော် စတင်မေးမြန်း စစ်ဆေးခဲ့ပါတယ်။

ဦးပါမောက္ခကို တရားစွဲဆိုဖို့အတွက် တရားရုံးကိုဦးတိုက်လျှောက်ထားတဲ့လျှောက်လွှာက ဒုမြို့နယ်မှူး ဦးသန်းထွန်းအောင်ရဲ့ လက်မှတ်ဟာ သူ့လက်မှတ်မဟုတ်ဘူးလို့ ကာယကံရှင် ဦးသန်းထွန်းအောင်ကိုယ်တိုင် အစစ်ဆေးခံခဲ့ပါတယ်။

နိုဝင်ဘာလ ၁၂ ရက်နေ့က လယ်သမားတစ်ဦး မြေသိမ်းခံရတာနဲ့ ပတ်သက်ပြီး မြောက်ဒဂုံမြို့နယ်ရဲစခန်းမှာ ဆန္ဒပြခွင့် လျှောက်ထားတာကို ကူညီပေးစဉ်မှာ ဆရာတော် ဦးပါမောက္ခကို ပုဒ်မနှစ်ခုနဲ့ ဖမ်းဆီးလူဝတ်လဲခဲ့တာ ဖြစ်ပါတယ်။

ဦးပါမောက္ခဟာ ပြီးခဲ့တဲ့နှစ်က အမေရိကန်သံရုံးရှေ့မှာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်း သုံးစွဲမှုကို ကန့်ကွက်ဆန္ဒပြ ခဲ့တာကြောင့် ပုဒ်မ ၅၀၅(ခ)၊ ပုဒ်မ ၁၉ တို့နဲ့ ကမာရွတ်မြို့နယ်ရဲစခန်းက တရားစွဲဆိုပြီး တရားရုံးကို ကြွရောက်ခြင်း မရှိတာကြောင့် ဖမ်းဝရမ်းထုတ်ထားတာဖြစ်ပါတယ်။

အဲဒီဆန္ဒပြမှုကြောင့် ဦးပါမောက္ခအပြင် မျိုးချစ်ရဟန်းပျိုများသမဂ္ဂက ဆရာတော် ဦးသုစိတ္တနဲ့ ဦးဉာဏဓမ္မ တို့ကိုလည်း ကမာရွတ်မြို့နယ်တရားရုံးက ဖမ်းဝရမ်းထုတ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။