ဒေါ်အောင်ဆန်းစုကြည်ကို စံထားသင့်ကြောင်း ပါကစ္စတန်သမ္မတပြောကြား

ပါကစ္စတန်ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နမူနာယူရမယ်လို့ သမ္မတ ဇာဒါရီက အင်္ဂါနေ့က ပြောလိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နှင့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ကို တက္ကသိုလ်ရိပ်သာလမ်း ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့၌ အတူတွေ့ရစဉ်။ RFA

ဇနီးဖြစ်သူ ဝန်ကြီးချုပ် ဘနာဇီယာ ဘူတို လုပ်ကြံခံခဲ့ရတာ လေးနှစ်မြောက်အထိမ်းအမှတ်အနေနဲ့ ဘူတို ဂူဗိမာန်မှာ ကျင်းပတဲ့ နှစ်လည်ပွဲ တက်ရောက်လာသူ ပရိသတ် သုံးသိန်းကျော်ကို ပြောဆိုခဲ့တာပါ။

ဘနာဇီယာ ဘူတိုကို အကောင်းဆုံးဂုဏ်ပြုတဲ့နည်းကတော့ ဒီမိုကရေစီနဲ့တကွ တိုင်းပြည်မှာရှိနေတဲ့ ဒီမိုကရေစီနည်းကျ အဖွဲ့အစည်းတွေကို ကာကွယ်စောင့်ရှောက်ပြီး ဖျက်လိုဖျက်ဆီး ကြံစည်နေတာတွေကို တိုက်ဖျက်ဖို့ပါပဲလို့ သမ္မတ ဇာဒါရီက ပြောပါတယ်။

ပါကစ္စတန်မှာ စစ်တပ်ကအာဏာသိမ်းတော့မယ် ဆိုတဲ့ သတင်းတွေ ပေါ်ထွက်နေချိန်မှာ ဇာဒါရီက အခုလို ပြောဆိုခဲ့တာပါ။ ဒါ့အပြင် မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တွန်းလှန်ခဲ့တဲ့ ငြိမ်းချမ်းရေးနိုဘဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့လမ်းစဉ်ကို နမူနာယူသင့်ကြောင်းလည်း ဆက်လက်ပြောဆိုခဲ့ပါတယ်။

အမေရိကန်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို လိုအပ်နေကြောင်း၊ အင်အားကြီးအမေရိကန်က ဒေါ်အောင်ဆန်းစုကြည်ရှိရာကို သွားရကြောင်း၊ သူ့လမ်းစဉ်ကို နမူနာယူသင့်ကြောင်း၊ နိုင်ငံတစ်နိုင်ငံကို ထူထောင်တယ်ဆိုတာ မဖြစ်နိုင်တာကို ဖြစ်အောင်လုပ်တဲ့ အတတ်ပညာဖြစ်ကြောင်း ပါကစ္စတန်သမ္မတ ဇာဒါရီက ပြောဆိုခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org