အနည်းဆုံး လုပ်ခလစာ သတ် မှတ်ရေး ကွင်းဆင်းလေ့လာ မည်
2014.08.09

စက်မှုဇုန်တွေက အလုပ်သမားတွေအတွက် အနည်းဆုံးလုပ်ခလစာ သတ်မှတ်နိုင်ဖို့ အလုပ်သမား ဝန်ကြီး ဌာနနဲ့ အလုပ်သမားကိုယ်စားလှယ်တွေပါတဲ့ အနည်းဆုံးအခကြေးငွေသတ်မှတ်ရေး အမျိုးသားအဆင့်ကော်မတီဟာ ဒီလကုန်မှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက စက်ရုံ၊ အလုပ်ရုံတွေမှာ ကွင်းဆင်းလေ့လာသွားမယ်လို့ သိရပါတယ်။
ဒီနေ့ နေပြည်တော် အလုပ်သမားဝန်ကြီးဌာနရုံးမှာ ကျင်းပတဲ့ အနည်ဆုံးအခကြေးငွေသတ်မှတ်ရေး အမျိုးသား အဆင့်ကော်မတီဆွေးနွေးပွဲမှာ ဆုံးဖြတ်လိုက်တာလို့ အဲ့ဒီကော်မတီမှာပါဝင်တဲ့ အလုပ်သမားကိုယ်စားလှယ် ဦးနော်အောင်က ပြောပါတယ်။
"ဒီနေ့က အနိမ့်ဆုံး လုပ်ခလစာသက်မှတ်ဖို့က တိုင်းနဲ့ ပြည်နယ် ကော်မတီတွေက အရေးကြီးတာပေါ့ဗျာ သူတို့က အဓိကစာပေးလုပ်ရမဲ့ အုပ်စုဖြစ်တယ်ပေ့ါဗျာ ပြည်နယ်နဲ့ တိုင်းမှာရှိတဲ့ အလုပ်သမားကိုယ်စားလှယ်တွေကို ခေါ်မယ်လို့တော့ပြောသွားတယ် ၈လပိုင်း အကုန်မှာ"
အဲ့ဒီလိုကွင်းဆင်းကောက်ခံရာမှာ ပြည်နယ်နဲ့ တိုင်းဒေသကြီးအလိုက် အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ အလုပ်သမားကိုယ်စားလှယ်တွေ ပါဝင်ကြမှာဖြစ်ပါတယ်။
အလုပ်သမားကိုယ်စားလှယ်တွေက ကုန်ဈေးနှုန်းကြီးနေတဲ့အတွက် အလုပ်သမားတစ်ဦးရဲ့ အခြေခံ တစ်နေ့ လုပ်ခဝင်ငွေကို ကျပ် ၇ဝဝဝ (ခုနှစ်ထောင်) သတ်မှတ်ပေးဖို့ တောင်းဆိုထားပါတယ်။
လာမယ့်ဒီဇင်ဘာလမှာ အနည်းဆုံးအခကြေးငွေသတ်မှတ်နိုင်မှာဖြစ်ကြောင်း အလုပ်သမားဝန်ကြီးက ဒီနေ့ဆွေးနွေးပွဲမှာ ကတိပေးခဲ့ကြောင်း သိရပါတယ်။
အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး အမျိုးသားအဆင့်ကော်မတီမှာပါတဲ့ အလုပ်သမား ကိုယ်စားလှယ် ဦးနော်အောင်ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။