သုံးလကျော်အတွင်း ဗုံးခွဲတိုက်ခိုက်မှု ၃၀၀ ကျော်ဖြစ်ပွား
RFA က သီးသန့်ကောက်ယူထားတဲ့စာရင်းနဲ့ ရန်ကုန်အခြေစိုက် အမည်မဖော်လိုတဲ့ နိုင်ငံတကာအဆင့် လုံခြုံရေး ကုမ္ပဏီကြီးတစ်ခုရဲ့ နေ့စဥ်မှတ်တမ်းတွေအရ၊ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ မေလ ၂၁ ရက်နေ့ထိ သုံးလကျော်အတွင်း ဗုံးကွဲမှုအပါအဝင် ပေါက်ကွဲမှု စုစုပေါင်း ၃၀၀ ကျော်လောက် ဖြစ်ခဲ့ပါတယ်။
-
အေးအေးမွန် (အော်စလို)
2021-05-26 -
-
-
RFA ရဲ့ သီးသန့်ကောက်ယူထားတဲ့ စာရင်းတွေအရ လက်လုပ်ဗုံးနဲ့ ပါဆယ်ဗုံးအပါအဝင် ပေါက်ကွဲမှု အများဆုံးဟာ ရဲနဲ့သက်ဆိုင်တဲ့နေရာတွေ၊ အုပ်ချုပ်ရေးမှူးရုံးတွေ၊ စာသင်ကျောင်းတွေ၊ ဌာနဆိုင်ရာရုံးတွေနဲ့ ဝန်ထမ်းတွ နေထိုင်တဲ့နေရာတွေအပြင် ရပ်ကွက်ထဲက နေအိမ်အချို့မှာပါ ဖြစ်ပွားခဲ့တာကို တွေ့ရပါတယ်။
မြန်မာနိုင်ငံရဲ့ အဓိက အချက်အချာကျတဲ့ ရန်ကုန်မြို့မှာ ပေါက်ကွဲမှုဖြစ်စဉ်တွေကို နေ့စဉ်နဲ့အမျှ ကြားလာ နေရပြီး မနေ့ကဆိုရင် သင်္ကန်းကျွန်းမြို့နယ် (က)ရပ်ကွက် ဓမ္မာရုံအနီးက တိုက်ခန်းတစ်ခုမှာ မင်္ဂလာဆောင် အခမ်းအနား ကျင်းပနေစဉ် ဗုံးပေါက်ကွဲတာကြောင့် သတို့သမီးအပါအဝင် လူ သုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီဗုံးဟာ ပါဆယ်ဗုံးလို့ ယူဆရပြီး သေဆုံးသူတွေဟာ သတို့သမီး အပါအဝင် အမျိုးသမီး နှစ်ယောက်နဲ့ အမျိုးသား တစ်ယောက် လို့လည်း ဆိုပါတယ်။
ရန်ကုန်မြို့မှာ နေထိုင်တဲ့ လူငယ်တစ်ဦးဖြစ်သူ ကိုဇေယျာလွင် ကတော့ ရန်ကုန်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှု ဖြစ်စဉ်တွေဟာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးနဲ့ ဆက်နွယ်နေတဲ့ နေရာတွေမှာ အများဆုံးဖြစ်နေတာကို တွေ့ရတယ်လို့ ပြောပါတယ်။
"လောလောဆယ်မှာ အများဆုံး ပေါက်နေတဲ့နေရာတွေက စစ်ကောင်စီတွေကနေ ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးရုံးတွေမှာ အများစု ဖြစ်တယ်ဆိုတာကို ယေဘုယျအားဖြင့် ခြုံပြောလို့ရတယ်ပေါ့ဗျာ။ ဒါပေမဲ့ အဲဒီနေရာတွေချည်းပဲ မဟုတ်ဘူးပေါ့။ ဥပမာ ကျောင်းတွေ ရှိမယ်၊ တက္ကသိုလ်တွေ ရှိမယ်။ ဒီနေ့ ဆိုရင်လည်း လျှပ်စစ်ရုံးတွေမှာ ရှိတယ်။ စစ်ကောင်စီရဲ့လက်အောက်မှာ ရှိနေတဲ့ နေရာဌာနတွေလို့ပဲ ပြောလို့ရတယ် ခြုံပြောရရင်ပေါ့"
မကြာခဏ ပေါက်ကွဲမှုတွေရှိနေတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့မှာလည်း မေလ ၂၄ ရက်နေ့က အမှတ်(၆) အထက်တန်းကျောင်းအနီးမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။
အဲဒီနေရာမှာ စစ်တပ်နဲ့ ရဲက နေရာယူထားတာကြောင့် ဒါဟာသူတို့ရဲ့ လက်ချက်သာ ဖြစ်နိုင်တယ်လို့ အာဏာသိမ်း စစ်ကောင်စီအပေါ် ဆန္ဒပြလှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကလေးမြို့ခံ လူငယ်တစ်ဦးက ပြောပါတယ်။
"အဲနားတစ်ဝိုက်က တော်ရုံတန်ရုံလူတွေက ဝင်လို့မရဘူးလေ။ ကျွန်တော်တို့ဘက်ကလည်း ဝင်လို့မရဘူး၊ မလွယ်ကူဘူးဗျ။ အသံဗုံးကို သူတို့ဘက်ကသူတို့ လုပ်လို့ကွဲတာပဲလို့ အဲလိုပဲ ယူဆထားတယ် ကျွန်တော်တို့ က။ ပြီးတော့ သူတို့က လူတွေကို လိုက်ခြောက်ပြီးတော့ လိုက်ပစ်တယ်ပေါ့နော်။ အဲဒီပေါက်ကွဲမှုက ကျွန်တော်တို့နဲ့ မဆိုင်ဘူး။ အဲဒီကွဲတဲ့နေရာကို တော်ရုံတန်ရုံလူတွေ ဝင်လို့မှမရတာ။ သူတို့ဟာသူတို့ အစောင့်တွေ လာချပြီးတော့ သူ့ဟာနဲ့သူ ထကွဲပြီး သူ့ဟာနဲ့သူ လိုက်ပစ်တာ။ အဓိကကတော့ ထိတ်လန့် ချောက်ချားအောင် လုပ်တာပေါ့ဗျာ"
ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲက အကြမ်းဖက် နှိမ်နင်းပစ်ခတ်တာတွေ ဆက်တိုက် လုပ်ဆောင်လာခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ အာဏာသိမ်းချိန်ကပင် မတ်လ ၂၂ ရက်နေ့အထိ သေဆုံးတဲ့ပြည်သူ ၂၆၁ ဦး ရှိလာတဲ့ တစ်ချိန်တည်းမှာပဲ မတ်လ တတိယပတ် လောက်ကနေ စလို့ ရဲစခန်းတွေ အပါအဝင် စစ်ကောင်စီနဲ့ ဆက်နွယ်တဲ့နေရာတွေမှာ လက်လုပ်ဗုံး၊ မိုင်းတွေနဲ့ တိုက်ခိုက်တဲ့ဖြစ်စဉ်တွေကို တွေ့လာရတာပါ။
RFA နဲ့ နိုင်ငံတကာ လုံခြုံရေးကုမ္ပဏီကြီးရဲ့ စာရင်းတွေအရ မတ်လအတွင်းမှာ လက်လုပ်ဗုံး၊ မိုင်း စတာတွေနဲ့ တိုက်ခိုက်မှုဖြစ်စဉ်ပေါင်း ၁၃ ကြိမ်ထက်မနည်း ရှိခဲ့ပြီး၊ ဧပြီလအတွင်းမှာ ၁၅၈ ကြိမ်ထက်မနည်း ဖြစ်ခဲ့ ပါတယ်။
အခု မေလ အတွင်းမှာ ဆိုရင်လည်း မေလ ၁ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ အချိန် သုံးပတ်လောက်အတွင်း မှာ ဖြစ်စဉ်ပေါင်း ၁၄၀ ထက်မနည်း ရှိနေတာကိုတွေ့ရပါတယ်။
နိုင်ငံရေးနဲ့ လူ့အခွင့်အရေး သုတေသီတစ်ဦးဖြစ်တဲ့ ဒေါက်တာ စိုင်းကြည်ဇင်စိုး ကတော့ ဗုံးဖောက်ခွဲမှု ဖြစ်စဉ်တွေကို လေ့လာမှုတွေအရ နှစ်ဘက်စလုံးက လုပ်တာဖြစ်နိုင်တယ်လို့ ပြောပါတယ်။
"ဖြစ်နိုင်တဲ့ဇာတ်လမ်းက နှစ်ဘက်စလုံးမှာ ရှိတယ်။ ပထမတစ်ခုက လူထုရဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို လွန်လွန်ကျူးကျူး အင်အားသုံးပြီးတော့ ဖြိုခွင်းတာတွေ လုပ်လာတယ်။ နောက်ပိုင်းမှာ မတရား ဖမ်းဆီး ချုပ်နှောင်တာတွေ လုပ်တယ်။ အကုန်လုံးနီးပါးအတွက် ထိခိုက်နစ်နာမှုတွေ ရှိလာတဲ့အခါကျတော့ နာကြည်းမှုတွေ ထွက်လာတယ်။ မလုံခြုံမှုတွေ ဖြစ်လာတယ်။ အဲတော့ ကိုယ့်ဟာကိုယ် ပြန်ကာကွယ်မှ ရမယ်ဆိုတဲ့ ယူဆချက်တွေ၊ သဘောတရားတွေ ထွက်လာတယ်။ အဲဒီအပေါ်မှာ အခြေခံပြီးတော့ လက်တုံ့ပြန်တဲ့ဟာမျိုး ဖြစ်နိုင်တယ်။ နောက်တစ်ဘက်က ကျတော့လည်း သူတို့အာဏာသိမ်းဖို့၊ အချုပ်အခြာ အာဏာထိန်းဖို့နဲ့ နောက် ပြည်တွင်းငြိမ်းချမ်းဖို့အတွက် သူတို့မှာ တာဝန်ယူဖို့ရှိတယ်ဆိုတဲ့ လိုအပ်ချက်တစ်ခုကို ဖော်ဆောင်ဖို့အတွက်လည်း ကိုယ့်ဟာကိုယ် ခြောက်လှန့်တာတွေ၊ မီးရှို့တာတွေ ပေါ့နော် ဒါတွေက နှစ်ဘက်စလုံးမှာ တွေ့ရတယ်။ ဒါပေမဲ့ အခုအချိန်ထိကတော့ ဘယ်ဟာ ဘယ်သူ့ လက်ချက် ဆိုတာကို တိတိကျကျ ဝန်ခံတာ၊ ဖော်ထုတ်နိုင်တာမျိုး မရှိသေးဘူး"
ဒီဖောက်ခွဲမှုဖြစ်စဉ်တွေနဲ့ပတ်သက်လို့ ဘယ်သူက လုပ်တယ်ဆိုတာကို သက်ဆိုင်တဲ့သူတွေက ဝန်ခံထုတ်ဖော် ပြောဆိုဖို့ လိုအပ်ပြီး အဲလိုသာမဟုတ်ရင် တစ်ချိန်မှာ ရာဇဝတ်မှုတွေအဖြစ် သတ်မှတ်ခံလာရနိုင်တယ် လို့လည်း ဒေါက်တာ စိုင်းကြည်ဇင်စိုးက ထောက်ပြပါတယ်။
စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကတော့ အခုလို ဖောက်ခွဲမှု တွေဟာ ဆန္ဒပြသူတွေက ပြည်သူလူထု မငြိမ်မသက်ဖြစ်အောင် လုပ်နေတာလို့ မေလ ၁၅ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
လက်လုပ်မိုင်း၊ ဗုံးတွေကို ပြည်သူလူထုကို အကာအကွယ်ယူပြီး မြို့ထဲတွေမှာ လုပ်ဆောင်ခဲ့ကြပြီး အဲဒီ လုပ်ရပ်ကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ မေလ ၁၂ အထိ ပြည်သူ ၆၃ ဦး သေဆုံးခဲ့ရတယ်လို့ သူက ဆိုပါတယ်။
ဧပြီလနဲ့ မေလအတွင်းမှာ နိုင်ငံတစ်ဝှမ်းက မြို့နယ်ပညာရေးမှူးရုံးနဲ့ စာသင်ကျောင်းတွေကို လက်လုပ်မိုင်း၊ မီးပုလင်းတွေနဲ့ တိုက်ခိုက်မှုပေါင်း ၅၇ ကြိမ်အထိ ရှိခဲ့တယ်လို့လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
အုပ်ချုပ်ရေးယန္တရား ပျက်ပြားစေဖို့အတွက် ဗုံးခွဲတာ၊ မီးရှို့တာ၊ ခြိမ်းခြောက်တာတွေဟာ CRPH နဲ့ NUG တို့ကို ဦးဆောင်သူတွေရဲ့ လှုံ့ဆော်အားပေးမှုကြောင့်ဖြစ်ပြီး လက်နက်ကိုင် အကြမ်းဖက်မှုတွေပါ ဆက်လက် ပေါ်ပေါက်လာခဲ့တာလို့လည်း သူက ဆိုပါတယ်။
အကြမ်းဖက်မှုကို လက်တွေ့မှာ ဘယ်သူကျူးလွန်နေတယ်ဆိုတာကို မြန်မာပြည်သူတွေလည်း သိသလို ကမ္ဘာကလည်း သိပြီးသားပါ
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် ကတော့ ဒီဖောက်ခွဲတိုက်ခိုက်မှုတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲ့ လုပ်ဆောင်ချက်မဟုတ်ဘူးလို့ ပြောပါတယ်။
လက်ရှိမြန်မာပြည်သူတွေဟာ စစ်ကောင်စီရဲ့ရက်စက်ကြမ်းကြုတ်မှုတွေအပေါ်မှာ အကာအကွယ် မဲ့နေကြ တာကြောင့် မိမိကိုယ်ကို ခုခံကာကွယ်တဲ့အနေနဲ့ တုံ့ပြန်ဆောင်ရွက်နေကြတာဖြစ်ပြီး ဒီလိုအခြေအနေမျိုး ရောက်လာဖို့အတွက် စစ်ကောင်စီကပဲ တွန်းအားပေးခဲ့တာလို့ ဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။
ပြည်တွင်းမှာ လက်ရှိဖြစ်ပွားနေတဲ့ ဖောက်ခွဲမှုဖြစ်စဉ်တွေဟာ နိုင်ငံတကာက လက်မခံတဲ့ စာသင်ကျောင်းနဲ့ ဆေးရုံ အနီးဝန်းကျင်တွေမှာပါ ဖြစ်နေတာကို တွေ့နေရတယ်လို့လည်း လေ့လာသူတွေက ထောက်ပြတာတွေ လည်း ရှိနေပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေးလေ့လာသူ ကိုစိုင်းထွန်းအောင်လွင် ကတော့ အခုလို မလိုလားအပ်တဲ့နေရာတွေမှာ ဖောက်ခွဲမှုတွေ၊ အရပ်သားတွေ သေကြေ ထိခိုက်မှုတွေ များလာရင် အကြမ်းဖက်လုပ်ရပ်တွေအဖြစ် နိုင်ငံတကာရဲ့ အမြင်တွေပါ ပြောင်းလဲလာနိုင်တယ်လို့ သုံးသပ်ပါတယ်။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက်ဖြိုခွင်းမှု၊ နောက်ဆက်တွဲ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် မနေ့က မေလ ၂၅ ရက်နေ့အထိ သေဆုံးသူ စုစုပေါင်း ၈၂၇ ဦးနဲ့ ဖမ်းဆီးခံရသူ ၄၃၀၀ ကျော်ရှိနေပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Christine Burgener ကတော့ မြန်မာနိုင်ငံမှာ အာဏာ သိမ်းပြီးနောက်ပိုင်း စစ်တပ်ဘက်က အကြမ်းဖက်မှုတွေ ပိုလုပ်ဆောင်လာတာနဲ့အမျှ စစ်အာဏာ သိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူတွေဟာ ခုခံကာကွယ်ရေးကနေ ထိုးစစ်ဆင် တိုက်ခိုက်ရေးဘက်ကို ကူးပြောင်းလာတဲ့ အတွက် မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်ပွားနိုင်တဲ့ အလားအလာရှိနေကြောင်း ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့က ပြောဆိုထားပါတယ်။