ရနောင်းထောင်က လွတ်ရက်စေ့သူ ၂၀၀ ကျော်ကို မြန်မာဘက်ပြန်ပို့

2021.05.01
ရနောင်းထောင်က လွတ်ရက်စေ့သူ ၂၀၀ ကျော်ကို မြန်မာဘက်ပြန်ပို့ လွတ်ရက်စေ့လို့ ပြန်လွတ်လာသူတွေကို ထိုင်းက မြန်မာဘက်လွှဲပေးစဉ်
Photo-CJ

ထိုင်းနိုင်ငံ အကျဉ်းထောင်တွေကနေ လွတ်လာပြီးနောက် ရနောင်းမြို့ လူဝင်မှု ကြီးကြပ်ရေး အကျဉ်းစခန်းမှာ ထိန်းသိမ်းထားတဲ့ မြန်မာနိုင်ငံသား ၂၁၈ ဦးကို ဒီနေ့ မြန်မာနိုင်ငံဘက် ပြန်ပို့လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းယူပြီးနောက် နိုင်ငံတွင်း စိုးရိမ်ဖွယ် အခြေအနေ အဖြစ် နိုင်ငံတကာက ပြောဆိုနေချိန်မှာ ထိုင်းနိုင်ငံဘက်က အခုလို ပြန်လွှဲပေးတာ ဖြစ်ပါတယ်။

ဒီမြန်မာနိုင်ငံသားတွေဟာ စာရွက်စာတမ်း အထောက်အထားမရှိတာ၊ မူးယစ်ဆေးဝါးမှု အပါအဝင် အကြောင်းအမျိုးမျိုးနဲ့ ထိုင်းနိုင်ငံထဲမှာ ပြစ်ဒဏ် ကျခံခဲ့ရသူတွေဖြစ်ပြီး နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနတွေ ညှိနှိုင်းပြီး မြန်မာနိုင်ငံဘက် ပြန်ပို့လိုက်တာလို့ ရနောင်းမြို့က မြန်မာသံအရာရှိတစ်ဦးက ပြောပါတယ်။

“အခုပြန်လွှတ်တာ နောက်ဆုံးအသုတ်ပဲ၊ သူတို့က လဝက က ထိန်းသိမ်း ထားတဲ့သူတွေပါ၊ ပြစ်ဒဏ် ချပြီးသွားပြီ၊ လွတ်ငြိမ်းချမ်းသာမှုလည်း ရပြီးသွားပြီ ဆိုတော့ ထိုင်းအစိုးရနဲ့ ညှိရပြီး၊ ကျနော်တို့က သူတို့ကို နယ်ပြန်ပို့တာပါ၊ ကျန်းမာရေး မကောင်းတဲ့သူလည်းပါတယ်"
… လို့ RFA ကိုပြောပါတယ်။

လွတ်မြောက်လာတဲ့သူတွေကို တနင်္သာရီတိုင်း ကော့သောင်းမြို့ကို ပြန်ပို့လိုက်တာ ဖြစ်ပြီး၊ ကော့သောင်းမြို့က ကိုဗစ်စောင့်ကြည့်ရေး စင်တာမှာ ၁၄ ရက် စောင့်ကြည့်သွားမယ်လို့ ဆိုပါတယ်။

ပြန်လွှတ်လာသူတွေဟာ တနင်္သာရီတိုင်းထဲက အများဆုံးဖြစ်ပြီး လောင်းလုံ၊ ထားဝယ်၊ မြိတ်၊ ကော့သောင်း စတဲ့မြို့တွေက ဖြစ်ပါတယ်။

ပြစ်ဒဏ်ကနေ လွတ်မြောက်သူတွေကို နေရပ်ပြန်ပို့ပေးဖို့ ထိုင်းလူဝင်မှု ကြီးကြပ်ရေးစခန်းတွေမှာ ၂၀၂၁ ခုနှစ် အစောပိုင်းက မြန်မာတွေ ဆန္ဒပြ တောင်းဆိုခဲ့ပြီးနောက် ထိုင်းဘက်က လွတ်ရက်စေ့သူတွေကို ပြန်လွှဲပေးနေတာပါ။

၂၀၂၁ ခုနှစ် ဇန်နဝါရီလကနေ ဒီနေ့အထိ လွတ်ငြိမ်းချမ်းသာခွင့်ရသူ ၆၉၁ ဦးကို ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံဘက် ပြန်လွှဲပြောင်း ပေးခဲ့ပြီးပြီလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။