အတိုက်အခံတွေ မြန်မာပြည်သွားမည်

ပြည်ပရောက် အတိုက်အခံ အဖွဲ့အစည်း ခေါင်းဆောင်တချို့ဟာ သမ္မတဦးသိန်းစိန်ရဲ့ ခွင့်ပြုချက်နဲ့ မြန်မာနိုင်ငံကို နှစ်ပတ်ကြာ ခရီးစဉ်အဖြစ် မနက်ဖြန် သွားရောက်မှာ ဖြစ်ပါတယ်။

2012.08.30
nyo-ohn-myint-face-305 ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) ၏ နိုင်ငံခြားရေး တွဲဖက် တာဝန်ခံ ဦးညိုအုန်းမြင့် (Photo: AFP)
(Photo: AFP)

အဓိကအားဖြင့် အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်တွေမှာ မိမိတို့ ပါဝင်နိုင်မယ့် အခန်းကဏ္ဍကို ဒီခရီးစဉ်အတွင်း တွေ့ဆုံဆွေးနွေး လေ့လာမှာ ဖြစ်တယ်လို့ ပြည်ပရောက် မြန်မာ့အရေး လှုပ်ရှားနေသူ ဦးညိုအုန်းမြင့်က ပြောပါတယ်။

"အဓိကကတော့ ကျွန်တော် တစ်နှစ်ကျော်ကျော်လောက် ကျွန်တော်တို့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ပရိုဂရမ်ထဲမှာပါတဲ့ တိုင်းရင်းသားတွေနဲ့ အပစ်အခတ်ရပ်စဲရေးကနေပြီးတော့ ဒီကျွန်တော်တို့ အဖြေရှာရေး ဆိုတဲ့အပေါ်မှာ ကျွန်တော်တို့ အဓိက ဆောက်ရွက်တဲ့ အတွက်ကြောင့် ကျွန်တော့်အနေနဲ့ ဒီ Myanmar Peace Center လို့ခေါ်တဲ့ ဒီအစိုးရနဲ့ တိုင်းရင်းသား အင်အားစုတွေ အကြားထဲမှာ အပစ်အခတ်ရပ်စဲရေးအတွက် ဆောင်ရွက်တဲ့နေရာမှာ ကျွန်တော်တို့ ဘာတွေလိုအပ်သေးတယ်ဆိုတဲ့ အချက်တွေ ဆွေးနွေးဖို့လည်း ဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ ကျွန်တော်တို့ အခွင့်အရေးရမယ်ဆိုရင် ကျွန်တော်တို့ သမ္မတကြီးနဲ့ တွေ့ဖို့အတွက် ကျွန်တော်တို့ ကြိုစားမှာ ဖြစ်ပါတယ်။ တဆက်တည်းမှာပဲ ၈၈ မျိုးဆက်၊ နောက်ဒီ တိုင်းရင်းသား အများစုတွေ အားလုံးနဲ့ ကျွန်တော်တို့ တွေ့ဆုံ ဆွေးနွေးချင်ပါတယ်။ ဒီပေါ်မှာမှ ရလာတဲ့ ရလဒ်ကနေပြီးတော့ ကျွန်တော်တို့ မြန်မာပြည်ရဲ့ အမျိုးသား ရင်ကြားစေ့ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ ကျွန်တော်တို့ ဘယ်နေရာကနေပြီးတော့ အဓိက ဝင်ပါနိုင်သလဲဆိုတာ ကျွန်တော်တို့ သိချင်ပါတယ်"

ပြည်ပရောက် အတိုက်အခံ အင်အားစုတွေဟာ ပြည်တွင်းကို လေ့လာရေး ခရီးစဉ်အဖြစ် အသုတ်လိုက်ခွဲပြီး သွားရောက်မှာ ဖြစ်ပါတယ်။ မနက်ဖြန်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကနေ ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကို ရောက်ရှိမယ့်သူတွေထဲမှာ ဒေါက်တာ နိုင်အောင်၊ ဒေါက်တာ သောင်းထွန်းနဲ့ ဦးညိုအုန်းမြင့်တို့ပါဝင်ပါတယ်။

စက်တင်ဘာလ (၁) ရက်နေ့မှာတော့ ဦးမိုးသီးဇွန်နဲ့အတူ ကျောင်းသားတပ်မတော် အဖွဲ့ဝင်ဟောင်း (၇) ဦး မြန်မာနိုင်ငံကို ရောက်ရှိမှာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာ လူ့ဘောင်သစ် ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် ခေါင်းဆောင် ဦးမောင်မောင်တို့ ရောက်ရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။