မိုးဗြဲမှာ စစ်ကောင်စီဘက်က သေနတ်နဲ့ပစ်လို့ အရပ်သား တစ်ဦး ဒဏ်ရာရ
ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့ ရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကနေ ပစ်လိုက်လို့ အမျိုးသား တစ်ဦး သေနတ်ကျည်ဆန်ထိမှန် ဒဏ်ရာရသွားတယ်လို့ မိုးဗြဲ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
- 2021-06-02
-
-
-
ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့ ရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကနေ ပစ်လိုက်လို့ အမျိုးသား တစ်ဦး သေနတ်ကျည်ဆန်ထိမှန် ဒဏ်ရာရသွားတယ်လို့ မိုးဗြဲ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
ဒဏ်ရာရသူဟာ မိုးဗြဲ ပွဲကုန်း ၃ ရပ်ကွက်ကဖြစ်ပြီး ဒီနေ့ နေ့လယ် နှစ်နာရီလောက်က စစ်ဘေးဒုက္ခသည်တွေ အတွက် ဆိုင်ကယ်နဲ့ ရိက္ခာတွေ သယ်လာရင်းကနေ အပစ်ခတ်ခံရတာကြောင့် ဝမ်းဗိုက်မှာ သေနတ်ကျည် ထိမှန်သွားတယ်လို့ ပြောပါတယ်။
မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်တွေက ရဲစခန်းဘက်ကို ပြန်လည်ပစ်ခတ်ရာမှာ စစ်ကောင်စီဘက်ကနေ အိမ်တွေဆီ လက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး က RFA ကို ပြောပါတယ်။
မိုးဗြဲရဲစခန်းကို ဇွန်လ ၁ ရက်နေ့ မနေ့ညပိုင်းမှာ စစ်ကောင်စီတပ်တွေက ပြန်လည်တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီစစ်ကောင်စီတပ်တွေဟာ ဇွန်လ တစ်ရက်နေ့မှာ ဖယ်ခုံဘက်ကနေ တက်လာတာဖြစ်ပြီး ဖယ်ခုံနဲ့ မိုးဗြဲကြား ခေါင်းမိုင်းရွာက အသက် (၂၉) နှစ်အရွယ် မောင်ပေါလု ဆိုသူကို ဇွန်လ ၁ ရက် နေ့လယ်ပိုင်းမှာ ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ ပြောပါတယ်။
ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ ကယားပြည်နယ်အစပ်က မိုးဗြဲရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက မေ လ ၂၃ ရက်နေ့မှာ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက်မှာ စစ်ကောင်စီဘက်က ဆယ်ဦးကျော် ကျဆုံးခဲ့ပြီး ဒေသခံ တစ်သောင်းကျော်လောက် နေရပ်မပြန်ရဲကြသေးဘဲ တောတောင်တွေထဲမှာ နေထိုင်နေကြရတာပါ။
ကယားပြည်နယ် ဒီးမော့ဆိုမြို့မှာတော့ မေလ ၃၁ ရက်နေ့က တိုက်ပွဲပြင်းထန်ခဲ့တဲ့ ကုန်းသာကျေးရွာ အနီးတစ်ဝိုက် စစ်ကောင်စီဘက်က (၈၀) ခန့် သေဆုံးသလို ကရင်နီအမျိုးသားကာကွယ်ရေးတပ်က တစ်ဦး၊ အရပ်သားတစ်ဦး စုစုပေါင်း နှစ်ဦး ကျဆုံးခဲ့ပြီး ခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေး တပ် KNDF က သတင်းထုတ်ပြန်ပါတယ်။
ကုန်းသာရွာ လယ်ကွင်းအနီးမှာ တိုက်ပွဲမှာ သေဆုံးခဲ့တဲ့ စစ်ကောင်စီ အလောင်းတွေကို လာကောက်တာ မရှိခဲ့လို့ မီးရှို့ဖျက်ဆီးပေးခဲ့တယ်လို့ KNDF ပြန်ကြားရေး တာဝန်ခံတစ်ဦးက RFA ကို ပြောပါတယ်။