မန္တလေးမှာ ဆန္ဒပြဖို့လူစုစဉ် သေနတ်နဲ့ပစ်လို့ တစ်ဦး သေဆုံး

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၄၉ လမ်းမှာ ဆန္ဒပြသူတွေအတွက် လမ်းရှင်းပေးနေသူ ကိုဇော်မျိုး အသက် ၂၇ နှစ်ဟာ စစ်တပ်နဲ့ရဲတို့က သေနတ်နဲ့ပစ်လိုက်လို့ လည်ပင်းသေနတ်ကျည်ထိမှန်ပြီး သေဆုံးခဲ့ရပါတယ်။ ရန်ကုန်နဲ့ မြို့ကြီးတချို့မှာလည်း နေ့စဉ်ဆက်တိုက်ဆန္ဒပြနေကြပြီး စစ်တပ်၊ ရဲတို့နဲ့ ထိပ်တိုက်တွေ့တာမျိုးတွေကိုရှောင်ပြီး ဆန္ဒပြနေကြပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့က မန္တလေးမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲအတွင်း အကြမ်းဖက်ဖြိုခွဲမှု အန္တရာယ်ကာကွယ်‌ရန် ပိတ်ဆို့ထားသည့် အတားအဆီးများကို ရဲက ဖယ်ရှားနေစဉ်။

မန္တလေးမြို့မှာ ဒီကနေ့မနက်ပိုင်းက အင်ဂျင်နီယာတွေပါဝင်တဲ့ ဆန္ဒပြသူတွေ လမ်းပေါ်ထွက်လာချိန် စစ်တပ် နဲ့ ရဲတို့က စတင်ဖြိုခွင်းရာကနေ ကိုဇော်မျိုး ကို သေနတ်ကျည်ဆန်ထိမှန်ခဲ့တာပါ။

ကိုဇော်မျိုးကို ပြင်ပဆေးခန်းတစ်ခုမှာ အရေးပေါ်ကုသပေးခဲ့ပေမယ့်လည်း လည်ပင်းလိုမျိုး ချက်ခြင်းသေစေ နိုင်လောက်တဲ့နေရာကို ထိမှန်ခဲ့တာမို့ နေ့လယ် ၁၂ ခွဲလောက်မှာ ကွယ်လွန်ခဲ့ပါတယ်။

သူ့မှာ လူမမယ်သားတစ်ယောက်နဲ့ လက်ရှိကိုယ်ဝန်ဆောင်သည် ဇနီးသည်တို့ ကျန်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖေါ်လိုတဲ့ မန္တလေးမြို့ခံတစ်ဦးက ရှင်းပြါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း မန္တလေးမြို့မှာ စစ်တပ်နဲ့ရဲတို့ ရဲပစ်ခတ်မှုကြောင့် သေဆုံးသူ ၁၁ ယောက်ရှိပါပြီ။ ဒီလိုအကြမ်းဖက်ဖြိုခွဲမှုတွေ ရှိနေပေမယ့်လည်း တစ်ပြည်လုံးက မြို့ကြီးတချို့မှာ လူငယ် တွေ ဦးဆောင်တဲ့ဆန္ဒပြမှုတွေက ဆက်တိုက်ရှိနေပါတယ်။ ဒီနေ့လည်း ရန်ကုန်က မြောက်ဥက္ကလာ၊ တောင် ဥက္ကလာ၊ စမ်းချောင်း၊ အင်းစိန်၊ သင်္ဃန်းကျွန်းနဲ့ သာကေတမြို့နယ်တွေမှာ အဓိကလမ်းမကြီးတွေပေါ်မှာ အတားအဆီးတွေ အထပ်ထပ်ပိတ်ဆို့ထားပြီး လူငယ်တွေနဲ့ ရပ်ကွက်နေပြည်သူတို့ ဆန္ဒပြနေကြပါတယ်။

ဒီကနေ့ မြောက်ဥက္ကလာ သုဓမ္မာလမ်းမကြီးတလျှောက်မှာ အတားအဆီးတွေ အထပ်ထပ်ချထားပြီး ကန်သာယာလမ်းဆုံမှာ လူတစ်သောင်းနီးပါးလောက်က ဆန္ဒပြကြ ပါတယ်။

ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုဘဲ အာဏာသိမ်းထားတဲ့ စစ်ကောင်စီဝင်တွေ အရှက်ရှိရင် ဆင်းပေး ကြပါလို့ ဆန္ဒပြသူမိန်းကလေးငယ်တစ်ဦးက ပြောပါတယ်။

စမ်းချောင်းမြို့နယ်ထဲက ဗဟိုလမ်း၊ ကျွန်းတောလမ်း၊ မင်းလမ်း စတဲ့လမ်းမကြီးတွေ၊ စစ်တပ်နဲ့ရဲတို့က ဆက်လက်ပစ်ခတ်ဖြိုခွင်းနေပေမယ့် ဆန္ဒပြသူလူငယ်တွေဟာ ထိပ်တိုက်မတွေ့တော့ဘဲ လမ်းမကြီးတွေပေါ် စစ်တပ်နဲ့ရဲတို့က ပစ်ခတ်တာတွေလုပ်ရင် လမ်းကြားတွေထဲ ပြေးဝင်ပုန်းတာမျိုး၊ နောက်တစ်နေရာမှာ လူပြန်စုပြီး ဆန္ဒပြတာမျိုးတွေလုပ်ကြပါတယ်။

ဖေဖော်ဝါရီ ၄ ရက်နေ့မှာ မန္တလေးဆေးတက္ကသိုလ်ကနေ စတင်လိုက်တဲ့ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ လှုပ်ရှားမှုဟာ တစ်နိုင်ငံလုံးဆီကူးစက်ပျံ့နှံ့သွားပြီး လမ်းပေါ်ထွက် ငြိမ်းချမ်းစွာဆန္ဒပြကြတာ ဒီနေ့အထိ ဖြစ်ပါတယ်။

အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုတွေကြောင့် မတ်လ ၅ ရက် ဒီနေ့အထိ သေဆုံးသူ အယောက် ၅၀ ကျော်ရှိလာ နေပြီး ထိခိုက်ဒဏ်ရာရရှိသူတွေဟာလည်း ရာနဲ့ချီရှိနေပါတယ်။

အဖမ်းခံထားရသူတွေလည်း ၁၂၀၀ ကျော်ထိရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP က ထုတ်ပြန်ကြေညာထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org