ရန်ကုန် လှိုင်မြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် အမှတ် (၆) ရပ်ကွက်၊ ပိတောက်ရွှေဝါလမ်းမှာ နေထိုင်တဲ့ အသက် ၅၀ ဝန်းကျင် အုပ်ချုပ်ရေးမှူး ဦးမောင်ထွေး ဟာ ဒီဇင်ဘာ ၃၁ ရက် ဒီနေ့မနက် ၉ နာရီခွဲလောက်မှာ အမည်မသိလူတစ်စုရဲ့ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရပါတယ်။
ဒီမနက် ၉ နာရီခွဲလောက်က ပိတောက်ရွှေဝါလမ်းထဲမှာရှိတဲ့ ညီမဖြစ်သူရဲ့ အသုပ်ဆိုင်မှာ ဥိးမောင်ထွေး နံနက်စာ စားနေချိန် လူသုံးယောက် စက်ဘီးနဲ့ ရုတ်တရက် ရောက်လာပြီး သေနတ်နဲ့ သုံးချက်တိတိ ပစ်ခတ် သွားတဲ့အတွက် နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ယောက် က ပြောပါတယ်။
"ရုတ်တရတ် မသိလိုက်ကြဘူး။ အသံသုံးချက် ကြားလိုက်တယ်။ ပြီးတော့ အော်တဲ့အသံတွေ ကြားရ တော့တာပဲ။ အုပ်ချုပ်ရေးမှူးကတော့ သွေးအိုင်ထဲ လဲနေတယ်။ လှုပ်တောင်မလှုပ်တော့ဘူး"
အခင်းဖြစ်ပြီး နာရီဝက်ခန့်အကြာ မနက် ၁၀ နာရီလောက်မှာ ရဲနဲ့ စစ်သားတွေ ရောက်လာပြီး သေဆုံးသူကို လူနာတင်ကားနဲ့ ခေါ်သွားတယ်လို့လည်း ရပ်ကွက်ထဲ နေထိုင်သူတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ ဖေဖော်ဝါရီ ၁ ရက်ကနေ နိုဝင်ဘာ ၁၆ ရက်အထိ အချိန် ၁၀ လကျော် ကာလအတွင်း PDF တွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၁,၅၆၄ ဦး ရှိနေပြီး အဲဒီအထဲမှာ ဒလန် အဖြစ် စွပ်စွဲခံရသူ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်၊ ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့ဝင်၊ သံဃာတော်၊ ဝန်ထမ်း၊ ရဲနဲ့ စစ်သားတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့နောက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ပြည်သူလူထုကို ရဲနဲ့စစ်တပ်က အကြမ်းဖက်ဖြိုခွင်း သတ်ဖြတ်မှု၊ သံသယနဲ့ဖမ်းဆီးစစ်ဆေးပြီး စစ်ကြောရေးမှာ လက်လွန်သေဆုံးမှုတွေကြောင့် တစ်နိုင်ငံလုံးနီးပါး လက်နက်ကိုင်ခုခံမှုတွေဖြစ်လာပြီး စစ်တပ်ထောက်တိုက်လို့ သတ်မှတ်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တွေ ပစ်မှတ်ထား သတ်ဖြတ်ခံရတာတွေ ရှိလာတယ်လို့ နိုင်ငံရေးအကဲခတ်တွေက ပြောကြပါတယ်။
တစ်ဘက်မှာလည်း နိုင်ငံရေးလှုပ်ရှားသူမှန်သမျှကို ရဲနဲ့စစ်တပ်က ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုတွေကြောင့် သေဆုံးသူအရေအတွက် ၁၃၈၂ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဒီဇင်ဘာ ၂၉ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။