ဒေါ်အောင်ဆန်းစုကြည် ရှေ့နေနဲ့ ပထမဆုံးအကြိမ် တွေ့ခွင့်ရ
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ အမှုလိုက်ရှေ့နေအဖွဲ့ထဲက လူငယ်ရှေ့နေတစ်ဦးဖြစ်တဲ့ ဒေါ်မင်းမင်းစိုးကို ရဲတပ်ဖွဲ့က အွန်လိုင်းဗီဒီယိုစနစ်နဲ့ ဒီနေ့ နံနက် ၁၁ နာရီလောက်က ပထမဆုံးအကြိမ် တွေ့ဆုံခွင့်ပေးခဲ့တယ်လို့ အမှုလိုက်ရှေ့နေ အဖွဲ့ခေါင်းဆောင် ရှေ့နေ ဦးခင်မောင်ဇော်က RFA ကိုပြောပါတယ်။
-
စောဖိုးခွား(ဝါရှင်တန်ဒီစီ)
2021-03-31 -
-
-
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ အမှုလိုက် ရှေ့နေ အဖွဲ့ထဲက လူငယ်ရှေ့နေတစ်ဦးဖြစ်တဲ့ ဒေါ်မင်းမင်းစိုးကို ရဲတပ်ဖွဲ့က အွန်လိုင်းဗီဒီယိုစနစ်နဲ့ ဒီနေ့ နံနက် ၁၁ နာရီလောက်က ပထမဆုံးအကြိမ် တွေ့ဆုံခွင့်ပေးခဲ့တယ်လို့ အမှုလိုက်ရှေ့နေ အဖွဲ့ခေါင်းဆောင် ရှေ့နေ ဦးခင်မောင်ဇော်က RFA ကိုပြောပါတယ်။
ဒီလိုတွေ့ဆုံချိန်မှာ လွတ်လွတ်လပ်လပ် တွေ့ဆုံခွင့်ရတာမျိုးမဟုတ်ဘဲ နှစ်ဘက်စလုံးမှာ ရဲအစောင့်အကြပ်တွေ ရှိနေတာကြောင့် အမှုကိစ္စကလွဲပြီး ဘာမှဆွေးနွေးခွင့်မရခဲ့ဘူးလို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က သူ့အမှုလိုက်ရှေ့နေ ခြောက်ယောက်လုံးနဲ့ လူချင်းတွေ့ခွင့်ပေးဖို့ အနားမှာရှိတဲ့ ရဲတွေကို ပြောဆိုခဲ့တယ်လို့လည်း သိရကြောင်း ဦးခင်မောင်ဇော်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်လျှက်ရှိတာကို မြင်တွေ့ခဲ့ရကြောင်း ဒေါ်မင်းမင်းစိုးရဲ့ ပြောပြချက်ကို ပြန်ပြောပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်မှာ နောက်ထပ်အမှုတစ်ခု တိုးဖွင့်ထားတယ်လို့ သိထားပေမယ့် ရှေ့နေအဖွဲ့ကို အကြောင်းကြားလာတာမရှိသေးဘူးလို့ ဦးခင်မောင်ဇော်ကပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို လိုင်စင်မဲ့ walkie-talkie လမ်းလျှောက်စကားပြောစက် လက်ဝယ်တွေ့ရှိမှု၊ ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်စည်းကမ်းတွေ ဖောက်ဖျက်မှု၊ ဆက်သွယ်ရေးဥပဒေ ချိုးဖောက်မှုနဲ့ အများပြည်သူ မငြိမ်မသက်ဖြစ်အောင်ကြံရွယ်မှုစတဲ့ စွပ်စွဲချက်တွေနဲ့ အမှုလေးမှုထက်မနည်း စစ်ကောင်စီက စွဲချက်တင်ထား ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုလိုက်ဖို့အတွက် ရှေ့နေ ခုနစ်ဦး ပါဝါတင်နိုင်ဖို့ လျှောက်ထားခဲ့တဲ့ထဲက အငယ်တန်းရှေ့နေ နှစ်ဦးဖြစ်တဲ့ ဦးယုယချစ်နဲ့ ဒေါ်မင်းမင်းစိုးတို့ နှစ်ယောက် ရှေ့နေ နှစ်ဦးကိုပဲ လတ်တလောမှာ ရဲတပ်ဖွဲ့က ပါဝါတင်ဖို့ ခွင့်ပြုထားသေးတယ်လို့ အမှုလိုက်ရှေ့နေအဖွဲ့ခေါင်းဆောင် ဦးခင်မောင်ဇော်က RFA ကို ပြောပါတယ်။