ကြည့်မြင်တိုင်ဆန္ဒပြပွဲမှာ အဖမ်းခံရသူတွေထဲက မယဉ်မေအောင် အာမခံနဲ့ ပြန်လွတ်
ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်း ဆန္ဒပြသူတွေကို စစ်ကားနဲ့ တိုက်ဖြိုခွဲခံရစဉ် အဖမ်းခံလိုက်ရတဲ့ မယဉ်မေအောင်ဟာ ဒီဇင်ဘာ ၂၈ ရက် ဒီနေ့ အာမခံနဲ့ ပြန်လွတ် လာပြီလို့ သူ့ရှေ့နေက ပြောပါတယ်။
- 2021-12-28
-
-
-
ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်း ဆန္ဒပြသူတွေကို စစ်ကားနဲ့ တိုက်ဖြိုခွဲခံရစဉ် အဖမ်းခံလိုက်ရတဲ့ မယဉ်မေအောင်ဟာ ဒီဇင်ဘာ ၂၈ ရက် ဒီနေ့ အာမခံနဲ့ ပြန်လွတ်လာပြီလို့ သူ့ရှေ့နေက ပြောပါတယ်။
အသက် ၁၅ နှစ်အရွယ် မယဉ်မေအောင်ဟာ ဒဂုံမြို့နယ် ကလေးသူငယ်တရားရုံးမှာ ဒီနေ့နေ့လယ်က အာမခံ လျှောက်ခဲ့ပြီး ပြန်လွတ်လာတာလို့ ရှေ့နေ ဒေါ်တဉ္ဇာဦးက ပြောပါတယ်။
"ကလေးမိဘအိမ်ကို တစ်ခါတည်း ထည့်ပေးလိုက်တယ်။ ဒါပေမဲ့ အမှုကတော့ မပြီးသေးဘူး။ ရုံးချိန်း တွေကို သူသွားနေရဦးမယ်။ နောက်ဆုံးမှ ဒီကောင်မလေး ပြန်လွတ်နိုင်တဲ့ အလားအလာရှိပါတယ်"
ဖမ်းမိစဉ်ကလည်း လက်နက်နဲ့ ပေါက်ကွဲစေတက်တဲ့ပစ္စည်းတွေ မရှိတဲ့အတွက် ဒီအမှုကနေ လွတ်မြောက် နိုင်ခြေရှိတယ်လို့လည်း ရှေ့နေက ရှင်းပြပါတယ်။
မယဉ်မေအောင်ဟာ ဒီဇင်ဘာ ၅ ရက်က ပန်းပင်ကြီးလမ်း ဆန္ဒပြမှုမှာ ပါဝင်တယ်ဆိုပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက တပ်မတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ - (က) နဲ့ တရားစွဲ ခံထားရတာပါ။
အတူအဖမ်းခံလိုက်ရတဲ့ အစ်ကိုဖြစ်သူ ကိုရဲလင်းအောင်နဲ့ မမြကြူကြူသင်းတို့ကတော့ လက်ရှိစစ်ကြောရေး မှာပဲ ရှိသေးတယ်လို့ ရှေ့နေ ဒေါ်တဉ္ဇာဦးက ပြောပြပါတယ်။
ဒီဇင်ဘာ ၅ ရက်က ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းပေါ်မှာ ဆန္ဒပြနေတဲ့ သပိတ် စစ်ကြောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်ကားနဲ့တိုက်ပြီး ဖြိုခွင်းခဲ့လို့ ထိခိုက်ဒဏ်ရာရသူတွေရှိ ခဲ့သလို မယဉ်မေအောင်အပါအဝင် လူငယ် ၁၁ ယောက် အဖမ်းခံခဲ့ရပါတယ်။