မော်လိုက်မြို့နယ် တောင်းအင်ရွာ စစ်ကောင်စီတပ်စခန်း စီးနင်းခံရ

တောင်းအင်ရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကို ဇွန် ၃၀ ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့က စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ တောင်းအင်ရွာအနီးရှိ စစ်ကောင်စီတပ်စခန်းမှ သိမ်းဆည်းနိုင်ခဲ့သည့် လက်နက်ခဲယမ်းများကို တွေ့ရစဉ်။ Ministry of Defence - National Unity Government of Myanmar

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ် တောင်းအင်ရွာအနီးတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း ကို ဇွန်လ ၃၀ ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင်လ ၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အမှတ် ၁ စစ်ဒေသ၊ မော်လိုက်ခရိုင် တပ်ရင်း ၂ က စီးနင်းတိုက်ခိုက်ခဲ့တာပါ။

ဒီတပ်စခန်းမှာ ခြေမြန်တပ်ရင်း ခမရ ၃၆၅၊ ၃၆၆ နဲ့ ပျုစောထီးပူးပေါင်းတပ်ဖွဲ့ အင်အား ၅၀ ဝန်းကျင်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တောင်းအင်ရွာတပ်စခန်းကိုစီးနင်းနေချိန် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု လေးကြိမ်လုပ်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က ဗိုလ်ကြီးအဆင့် တစ်ဦးအပါအဝင် ၁၀ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။။ ဒါပေမဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က ထိခိုက်သေဆုံးမှုကို ဖော်ပြတာမရှိပါဘူး။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်လို့ RFA က သီးခြား အတည်မပြုနိုင် သေးပါဘူး။

ဒီတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာမရှိသလို စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံ ဖြေကြားတာ မရှိပါဘူး။

မော်လိုက်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား ၂၀၂၃ ခုနှစ်၊ မေလကတည်းက စစ်ရေးတင်းမာနေခဲ့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org