နျူကလီးယားမပြန့်ပွားရေးအတွက် အမေရိကန်က မြန်မာကိုလာဆွေးနွေး

မြန်မာနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စု တို့ နျူကလီးယားမပြန့်ပွားရေး ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ ရန်ကုန်မြို့ အမေရိကန်သံရုံးက မနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အမေရိကန်စွမ်းအင်ဝန်ကြီးဌာန အမျိုးသားအနုမြူလုံခြုံရေးအဖွဲ့ ကိုယ်စားလှယ်တွေနဲ့ မြန်မာအစိုးရ သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနက အနုမြူဆိုင်ရာအရာရှိတွေ နေပြည်တော်မှာ ဇန်ဝါရီလ ၉ရက်နေ့ ကနေ ၁၁ရက်နေ့အထိ ဆွေးနွေးခဲ့ကြကြောင်း၊ နိုင်ငံတကာဘေးအန္တရာယ် ကာကွယ်တားဆီးရေးစနစ်တွေနဲ့ ပတ်သက်ပြီးပိုမိုသိရှိရေး ရည်ရွယ်ဆွေးနွေးခဲ့ကြတာဖြစ်ကြောင်း ကြေညာချက်မှာဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံ အနုမြူစွမ်းအင်ဌာန က ဦးခင်မောင်လတ် က  အခုလို အမေရိကန်တွေနဲ့ ဆွေးနွေးတာဟာ ရှေ့လာမယ့်အစီအစဉ်တွေရဲ့ ပထမဆုံးခြေလှမ်း ဖြစ်ပါတယ်လို့ AFP သတင်းကို ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ အသေးစိတ် မပြောခဲ့ပါဘူး။

မြန်မာနိုင်ငံဟာ အရင်စစ်အစိုးရကာလအတွင်း မြောက်ကိုရီးယားအကူအညီနဲ့ စစ်ရေးနဲ့ နျူကလီးယားအစီအစဉ်တွေ ပူးပေါင်းဆောင်ရွက်နေတယ်လို့ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေက သင်္ကာမကင်းဖြစ်ခဲ့ကြပါတယ်။

အစိုးရသစ်တက်လာပြီးတဲ့နောက် ပြုပြင်ပြောင်းလဲရေးတွေနဲ့အတူ အမေရိကန်နဲ့ဆက်ဆံရေး နွေးထွေးလာချိန်မှာ ကုလသမဂ္ဂနိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ IAEA ကို  မြန်မာနိုင်ငံမှာ မသင်္ကာဖွယ် နျူကလီးယားဆိုင်ရာကိစ္စတွေ ဆောင်ရွက်နေတာရှိမရှိ လာရောက်စစ်ဆေးဖို့ သဘောတူညီချက်ကို ဦးသိန်းစိန်အစိုးရက ပြီးခဲ့တဲ့နိုဝင်ဘာလက သဘောတူလက်မှတ်ရေးထိုးခဲ့ပါတယ်။

အဲဒီနောက်  အခုလို အမေရိကန်အရာရှိတွေ မြန်မာနိုင်ငံကို လာရောက်ဆွေးနွေးခဲ့ကြတာပါ။ ဆွေးနွေးခဲ့သူတွေထဲမှာ IAEA  က အရာရှိတစ်ယောက်လည်း ပါဝင်ကြောင်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org