မြောက်ပိုင်း သုံးဖွဲ့နဲ့ ငြိမ်းချမ်းရေးကော်မရှင် တွေ့မည်
2018.10.28

မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့နဲ့ အောက်တိုဘာလ ၃၁ ရက်နေ့မှာ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးဖို့ ငြိမ်းချမ်းရေးကော်မရှင်က ဖိတ်ကြားလိုက်ပါတယ်။
AA, TNLA, MNDAA စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့က ကိုယ်စားလှယ်အဖွဲ့နဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင် ကိုယ်စားလှယ်တွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့က တရုတ်နိုင်ငံ ကူမင်းမြို့မှာ တစ်ကြိမ်တွေ့ဆုံခဲ့ပြီး အောက်တိုဘာလမှာ နောက်တစ်ကြိမ် တွေ့ဆုံဖို့အတွက် နှစ်ဖက်သဘောတူထားတာ ဖြစ်ပါတယ်။
အဲဒီတွေ့ဆုံပွဲကို ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်နဲ့ အတွင်းရေးမှူး အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးတို့ ဦးဆောင်ကြမယ်လို့ သိရပါတယ်။
ဒါ့အပြင် အဲဒီတေ့ွဆုံပွဲကို "ဝ" အထူးဒေသ ၂ နဲ့ ကေအိုင်အေက ကိုယ်စားလှယ်အဖွဲ့ကိုလည်း ဖိတ်ကြားပေးဖို့ မေတ္တာရပ်ခံထားပါတယ်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၃ ဖွဲ့ဖြစ်တဲ့ TNLA, AA, MNDAA အနေနဲ့ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေး ခရီးလမ်းမှာ အတူပါဝင်လာနိုင်ရေး အောင်မြင်စွာ တွေ့ဆုံညှိနှိုင်းဆွေးနွေးနိုင်ကြဖို့လည်း ဖိတ်ကြားစာမှာ ဖော်ပြထားပါတယ်။
ဒီတေ့ွဆုံပွဲနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးကော်မရှင် တာဝန်ရှိသူတွေကို ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
တချိန်တည်းမှာပဲ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ UPDJC အစုအဖွဲ့ တစ်ဖွဲ့စီက အတွင်းရေးမှူး ၅ ဦးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်နဲ့ လုပ်ငန်းလမ်းညွှန်များ ပြန်လည်သုံးသပ်တဲ့ အလုပ်အဖွဲ့အစည်း အဝေးကို လာမယ့် နိုဝင်ဘာလ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ ရန်ကုန်မြို့က NRPC မှာ ကျင်းပဖို့ရှိပြီး UWSA, NDAA, KIA, SSPP နဲ့ KNPP တို့ကို တက်ရောက်ဖို့ အစိုးရက ဖိတ်ကြားထားပါတယ်။