လူငယ်တွေကို ရသစာပေတွေ ဖတ်ဖို့ နိုင်ငံတော်သမ္မတ တိုက်တွန်း


2017.01.22
htinkyaw-nobel-myanmar-open-620.jpg ရန်ကုန်မြို့ အမျိုးသားပြဇာတ်ရုံမှာ ဇန်နဝါရီလ ၂၂ ရက်နေ့ကစတင်ကျင်းပတဲ့ ၂၀၁၇ ခုနှစ် နိုဘယ်-မြန်မာ ရသစာပေပွဲတော်ကို နိုင်ငံတော်သမ္မတ ဦးထင်ကျော် တက်ရောက်ဖွင့်လှစ်ပေးစဉ်
Photo:Htet Arkar/RFA

လူငယ်တွေအနေနဲ့ အင်တာနက်အသုံးများနေတာကို လျှော့ပြီး ရသစာပေတွေဖတ်ကြဖို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

ဒီနေ့ ရန်ကုန်မြို့ အမျိုးသားပြဇာတ်ရုံမှာ စတင်ကျင်းပတဲ့ ၂၀၁၇ ခုနှစ် နိုဘယ်-မြန်မာ ရသစာပေပွဲတော် ဖွင့်ပွဲ အခမ်းအနားကို တက်ရောက်လာတဲ့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က အခုလိုတိုက်တွန်းလိုက်တာဖြစ်ပါတယ်။

"စာဖတ်တာ များစေချင်တယ်၊ အထူးသဖြင့် ဖေ့စ်ဘွတ်သုံးတာ အားသန်နေကြတယ်၊   ဖေ့စ်ဘွတ် ကတော့ အကြောင်းအရာတွေကတော့ ရတာပေါ့ ဒါပေမဲ့ အခုနက ဆရာကြီး   ဦးခင်အေး ပြောသလိုပဲ ရသစာပေ ကတော့ ဖတ်ကြမှာပဲ၊ တကယ်တမ်း စာပေကိုတော့   ဖတ်စေချင်ပါတယ်၊ စာကြည့်တိုက်ပဲ သုံးပေါ့၊ စာအုပ်ဈေးတွေ ကြီးတယ်ဆိုရင်၊   ရသစာပေကိုတော့ လူငယ်တွေ ဖတ်စေချင်တယ်၊ အင်တာနက်ကိုပဲ သိပ်အားစိုက်နေတာထက် အချိန်လေးတော့ခွဲပြီးတော့ လုပ်စေချင်ပါတယ်၊ လုပ်ဖို့ လိုကိုလိုပါတယ်၊   ဆရာကြီး ဓနုဖြူ မောင်ခင်မင် ပြောသလိုပဲ၊ အဲဒါကိုတော့   အများကျင့်သုံးစေချင်ပါတယ်၊ ရသစာပေဖတ်မှ ဒါမှလည်း စိတ်တွေက မရိုင်းပေမယ့်   အခုထက်ပိုပြီး ယဉ်ကျေးလာကြမယ်၊ အဲလိုဖြစ်စေချင်ပါတယ်နော်"

ရသစာပေပေါင်းစုံပာာ မြင့်မြတ်တဲ့ လူသားချင်းစာနာစိတ်တွေ ဖြစ်ပေါ်စေနိုင်ကြောင်း၊ ရသစာပေကောင်းတွေ ထွက်ဖို့ လိုအပ်ကြောင်း၊ သူတစ်ပါးကိုမထိခိုက်စေတဲ့ လူတစ်ဦးချင်းစီရဲ့ လွတ်လပ်ခွင့်၊ နိုင်ငံသားအားလုံး ရဲ့လွတ်လပ်ခွင့် စာပေလွတ်လပ်ခွင့်တွေ မြန်မာနိုင်ငံမှာ ရှိလာပြီဖြစ်ကြောင်းနဲ့ တိုးတက်လွတ်လပ်လာတဲ့ စာပေကိုအခြေခံပြီး နိုင်ငံတိုးတက်ဖို့နဲ့ ငြိမ်းချမ်းခြင်းကို တည်ဆောက်ကြဖို့လည်း အဖွင့်မိန့်ခွန်းပြောကြား ခဲ့ပါတယ်။

အခမ်းအနားကို နိုင်ငံတော် သမ္မတ ဦးထင်ကျော်၊ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးမန်းဝင်းခိုင်သန်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က နာယက သူရဦးတင်ဦး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ တက်ရောက်ခဲ့ပါတယ်။

ပွဲတော်မှာ နိုင်ငံတကာ စာပေအဖွဲ့အစည်းတွေ၊ နိုဘယ်မြန်မာ စာပေကော်မတီနဲ့ စာအုပ်တိုက်တွေက ရွေးချယ် ထားတဲ့ ရသစာပေ မူရင်းစာအုပ်တွေနဲ့ စာရေးသူတွေရဲ့ ဓာတ်ပုံတွေကို ခင်းကျင်းပြသထားပါတယ်။

နိုဘယ်လ်မြန်မာ စာပေပွဲတော်ကို လာမယ့် ဇန်နဝါရီလ ၂၄ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပမှာဖြစ်ပြီး စာအုပ်ဆိုင်ပေါင်း ၁၅၀ နီးပါးက စာအုပ်တွေကိုလည်း ရောင်းချနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။