စာသင်ကျောင်းများ အနီးက ဆေးလိပ်ဆိုင်များ ပိတ်သိမ်းဖို့လို
2013.10.31
ရန်ကုန်မြို့က စာသင်ကျောင်းတွေနဲ့ ပေ ၁၀၀ ပတ်လည်အတွင်း ဆေးလိပ်အရောင်းဆိုင်တွေ ပိတ်သိမ်းပေးရေး တွက် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်းက အစိုးရထံတင်ပြသွားမယ်လို့ အာအက်ဖ်အေကို ပြောပါတယ်။
မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်းက မရမ်းကုန်းနဲ့ အင်းစိန်မြို့နယ်တွေက စာသင်ကျောင်းအနီးတဝိုက်က ဈေးဆိုင်တွေကိုစစ်ဆေးရာမှာ လက်ရှိတည်ဆဲဥပဒေဖြစ်တဲ့ ဆေးလိပ်နဲ့ ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဥပဒေကို ချိုးဖေါက်နေတာတွေ့ရကြောင်း သိရပါတယ်။
မနေ့က အင်းစိန်နဲ့ မရမ်းကုန်းမြို့နယ်က စာသင်ကျောင်းတွေ အနီးတဝိုက်မှာ ဆေးလိပ်အရောင်းဆိုင်တွေရှိတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်း ဥက္ကဌ ဦးဗအုပ်ခိုင်က အခုလိုပြောပါတယ်။
“ကျောင်းနဲ့ ပေ ၁ဝဝ အတွင်းမှာရှိတဲ့ ဆေးလိပ်ဆိုင်တွေကို ပိတ်ပေးဖို့ သတိလည်းပေးခဲ့တယ်၊ အဲဒါတွေကို နောက်တစ်ပတ်ပြန်စစ်လို့ ရှိနေမယ်ဆိုရင်တော့ ရဲကိုအကြောင်းကြားပြီးတော့ ဖမ်းဆီးအပြစ်ပေးအရေးယူဖို့ လုပ်ရတော့မှာပါ၊ ကျောင်းမုန့်ဈေးတန်းတွေ ကျောင်းပရိဝုဏ်နဲ့ မလွတ်တဲ့ဆိုင်တွေကို သွားပြီးစစ်ဆေးတယ်၊ စားသုံးလို့မသင့်တဲ့ အချဉ်ရည်တွေပေါ့၊ အဲဒါတွေကို မကျည်းရေကိုပြောင်းသုံးဖို့ ပညာပေးခဲ့တယ်၊ နောက်အဲဒီမှာ မြန်မာစာတို့၊ အင်္ဂလိပ်စာတို့မပါတဲ့ တရုပ်နိုင်ငံထုတ် မုန့်တွေတော်တော်များများကို တွေ့ရတယ်၊ စားသုံးလို့ မသင့်ဘူးပေါ့နော်၊ အင်မတန် အန္တရာယ်များတယ်”
ဆေးလိပ်နဲ့ ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဥပဒေမှာ စာသင်ကျောင်းတွေ၊ တက္ကသိုလ်တွေနဲ့ ကောလိပ်ကျောင်းဝင်းအတွင်းမှာ ဆေးလိပ်သောက်ခြင်းကို တားမြစ်ထားပြီး ကျောင်းပတ်လည် ပေ ၁၀၀ အတွင်းမှာ ဆေးလိပ်ရောင်းချတာကိုလည်း ပိတ်ပင်ထားပါတယ်။
မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်းဟာ တည်ထောင်ခွင့်တင်ပြထားဆဲ အသင်းအဖွဲ့တစ်ခု ဖြစ်ပါတယ်။