ဦးရဲမင်းဦး ခြေထောက်ကျိုးလို့ ရုံးချိန်း မတက်နိုင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် နေပြည်တော် ဒု-မြို့တော်ဝန် ဦးရဲမင်းဦး ဟာ ခြေထောက်ကျိုးနေလို့ ဇန်နဝါရီ ၁၈ ရက် ဒီနေ့ နေပြည်တော် အချုပ် ထောင်ထဲက တရားရုံးချိန်းကို ကိုယ်တိုင်မတက်နိုင်ခဲ့ဘူးလို့ ရှေ့နေ အသိုင်းအဝိုင်းက ပြောပါတယ်။
ထောင်ထဲက ရေချိုးခန်းထဲမှာ ချော်လဲပြီး ခြေထောက်ကျိုးတယ်လို့ သိထားရပေမယ့် ဟုတ် မဟုတ် အတည်မပြုနိုင်သေးဘူးလို့ ဦးရဲမင်းဦးရဲ့ ရှေ့နေတစ်ဦးက ပြောပါတယ်။
"သူခြေထောက်ကျိုးနေတယ်ပေါ့။ ရေချိုးခန်းမှာလဲတာလို့ သိရတယ်။ သူနဲ့ ကိုယ်တိုင် မတွေ့ရသေး တော့ ဟုတ် မဟုတ်ကတော့ အတည်ပြုမပေးနိုင်သေးဘူး။ သူနဲ့လည်း တွေ့ခွင့်ရဖို့ ခွင့်တောင်းထားတယ်။ သူကိုယ်တိုင် မလာနိုင်တော့ ရုံးက Video Conferencing နဲ့ လုပ်ပေးတယ်။ ရုံးချိန်းကို ဖေဖော်ဝါရီလ ၁ ရက်နေ့ကို ပြန်ချိန်း ပေးလိုက်တယ်"
ကုတင် ၁၀၀၀ ဆေးရုံကြီးနဲ့ နီးစပ်သူတစ်ဦးကလည်း ဦးရဲမင်းဦး ခြေထောက်ကျိုးလို့ ဆေးကုသခံယူနေရတာ မှန်ကန်တယ်လို့ အတည်ပြုပေးသလို စီမံကိန်းနဲ့ ဘဏ္ဏာရေး ဝန်ကြီး တာဝန်ယူခဲ့သူ ဦးစိုးဝင်း လည်း ကုတင် ၁၀၀၀ ဆေးရုံမှာပဲ ဆေးကုသခံယူ နေတုန်းပဲလို့ သိရပါတယ်။
NLD အစိုးရလက်ထက်မှာ ရန်ကုန်တိုင်း စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး တာဝန်ထမ်း ဆောင်ခဲ့သူ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း အနိုင်ရထားတဲ့ ဦးရဲမင်းဦးကို စစ်တပ်က အာဏာသိမ်းပြီးပြီးချင်း ရန်ကုန်မြို့မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
သူ့ကို့ အင်းစိန်ထောင် အထူးတရားရုံးကနေ ပုဒ်မ ၄၀၉ ယုံကြည်အပ်နှံဖောက်ဖျက်မှုနဲ့ စစ်ဆေးနေရာကနေ နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိမှုနဲ့ တရားစွဲတင် တဲ့အခါ သူ့ကိုလည်း အမှုတွဲအဖြစ် အဂတိမှုတပ်ခဲ့ပြီး အင်းစိန်ထောင်မှာ စစ်နေတဲ့အမှု ကိုပါ နေပြည်တော်ကို လွှဲပေးခဲ့တာလို့ ရှေ့နေအသိုင်းအဝိုင်းက ပြောပါတယ်။
ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၄၀၉ ဆိုတာဟာ “ပြည်သူ့ဝန်ထမ်းကဖြစ်စေ၊ ဘဏ်တိုက်စိုး ကဖြစ်စေ၊ ကုန်သည်ကဖြစ်စေ၊ ကိုယ်စားလှယ်ကဖြစ်စေ၊ ရာဇဝတ်မကင်းသော ယုံကြည် အပ်နှံရေး ဖောက်ဖျက်မှု ” ဖြစ်ပြီး ပြစ်မှုထင်ရှားပါက တစ်သက်တကျွန်းဒဏ်ဖြစ်စေ၊ ဆယ်နှစ်အထိ ထောင်ဒဏ် တမျိုးမျိုးဖြစ်စေ ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ် နိုင်တယ်လို့ ဖော်ပြထားပါတယ်။
ဦးရဲမင်းဦးဟာ အဂတိလိုက်စားမှု ပုဒ်မ ၅၅ နဲ့ အမှု ငါးမှုအထိ တရားစွဲခံထားရပြီး အဲဒီ ငါးမှု စလုံးဟာ နေပြည်တော် စည်ပင်ဘဏ်ကိစ္စတွေနဲ့ စည်ပင်သာယာရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တာနဲ့ ပတ်သက်လို့ အမှုဖွင့်ခံထားရတာလို့ ရှေ့နေတွေ က ပြောပါတယ်။
ဦးရဲမင်းဦးဟာ သူ့ကိုတစ်ယောက်တည်း အစွဲခံရတဲ့အမှုက ငါးမှု၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ အမှုတွဲအဖြစ် အစွဲခံရတဲ့ အဂတိမှုက တစ်မှုနဲ့ ရန်ကုန်ကပါလာတဲ့ ပုဒ်မ ၄၀၉ အပါ အဝင် အားလုံး စုစုပေါင်း အမှု ရှစ်မှုအထိရှိနေပြီး အဲဒီအမှုတွေထဲက အဂတိလိုက်စားမှု စွပ်စွဲချက်တွေကို နေပြည်တော် အချုပ်ထောင်က အထူးတရားရုံးတစ်ခုမှာ စစ်ဆေးခံနေရ တာ ဖြစ်ပါတယ်။
ဦးရဲမင်းဦးဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လရောင်တော စီမံကိန်းမြေနေရာချထားပေးမှုမှာ လုပ်ထုံးလုပ်နည်း စည်းကမ်းတွေ ဖောက်ဖျက်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့မှာ အဂတိအမှုနဲ့ အမှုဖွင့်ခံခဲ့ ရပါတယ်။
ဦးရဲမင်းဦးဟာ စစ်တပ်က အာဏာသိမ်းပြီးလို့ အဖမ်းခံရပြီးပြီးချင်း ရန်ကုန်မြို့က စစ်ကြောရေး တစ်ခုမှာ နံရုံကျိုးခဲ့တဲ့အထိ ရိုက်နှက်ခံခဲ့ရပြီး အင်းစိန်ထောင်ဆေးရုံမှာ ဆေးကုသခံယူခဲ့ရသူလည်း ဖြစ်ပါတယ်။