မကွေးတိုင်း အလုပ်အမှုဆောင်အဖွဲ့ဝင် ကိုကျော်ဆန်းထူး ဖမ်းဆီးခံရ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ မကွေးတိုင်း အလုပ်အမှုဆောင် အဖွဲ့ဝင် ကိုကျော်ဆန်းထူးကို ဩဂုတ်လ ၂၂ ရက် မနေ့ညနေ ၄ နာရီခန့်မှာ စစ်ကောင်စီအဖွဲ့က ဖမ်းဆီးသွားပါတယ်။

မကွေးတိုင်း (NLD) ပါတီရဲ့ အလုပ်အမှုဆောင်အဖွဲ့ဝင် ကိုကျော်ဆန်းထူး ကို တွေ့ရစဉ် Photo: Nay Htet Win

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ မကွေးတိုင်း အလုပ်အမှုဆောင်အဖွဲ့ဝင် ကိုကျော်ဆန်းထူးကို ဩဂုတ်လ ၂၂ ရက် မနေ့ညနေ ၄ နာရီခန့်မှာ စစ်ကောင်စီအဖွဲ့က ဖမ်းဆီးသွားပါတယ်။

အောင်လံမြို့နယ်၊ ပန်းမတကျေးရွာက နေအိမ်မှာ လာရောက်ဖမ်းဆီးသွားတာလို့ NLD ပါတီရဲ့ ဆင်ပေါင်ဝဲ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေထက်ဝင်းက လူမှုကွန်ရက် စာမျက်နှာကနေ အတည်ပြု ထားပါတယ်။

ကိုကျော်ဆန်းထူးဟာ မကွေးတိုင်း အလုပ်အမှုဆောင်အဖွဲ့ဝင်လည်းဖြစ်သလို ပထမအကြိမ် တိုင်းလူငယ် တာဝန်ခံလည်းဖြစ်ပြီး စစ်ကောင်စီက လာရောက်ဖမ်းဆီးချိန်မှာ ကျန်းမာရေး မကောင်းဖြစ်နေတာဖြစ် တယ်လို့ ဦးနေထက်ဝင်းက ရေးသားထားပါတယ်။

ဩဂုတ်လ ၂၁ ရက်နေ့ မနက်ပိုင်းကလည်း NLD ပါတီရဲ့ အောင်လံမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင် ကိုကျော်စိုးဝင်း (ခေါ်) ကိုကေးကေးကို စစ်ကောင်စီက အောင်လံမြို့၊ ရွှေပန်းတောကျေးရွာမှာ ဖမ်းသွားသလို ဩဂုတ်လ ၂၂ ရက် မနေ့ မနက်ပိုင်းကလည်း တိုင်းအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဌေးဝင်းကိုပါ မြစ်ခြေမြို့မှာ လာရောက်ဖမ်းဆီးသွားပါတယ်။

အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ခြောက်လကျော်လာတဲ့ အချိန်အထိ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ပါတီဝင် စုစုပေါင်း ၃၂၄ ယောက် ဖမ်းဆီးခံထားရတယ်လို့ ပါတီဝင်တွေအဖမ်းခံရမှုကို စနစ်တကျစာရင်းပြုစုနေတဲ့ NLD ပါတီဗဟိုကော်မတီဝင်တစ်ဦးက RFA ကို ဩဂုတ်လ ၁၀ ရက်နေ့က ပြောဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org