NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးအောင်စိုး ပါတီကနေ နုတ်ထွက်
2019.07.25
ဦးအောင်စိုးဟာ တနင်္သာရီတိုင်း NLD ပါတီ ဥက္ကဋ္ဌဖြစ်ပြီး တိုင်းပါတီဝင်တွေရဲ့ တိုင်ကြားခြင်းခံရတဲ့အတွက် ပါတီက စုံစမ်းစစ်ဆေးမှုတွေအပြီးမှာ အခုလို နုတ်ထွက်စာတင်လိုက်တာဖြစ်ပါတယ်။
ဦးအောင်စိုးဟာ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သလို အဂတိ လိုက်စားမှုနဲ့ တရားရင်ဆိုင်နေရတဲ့ တနင်္သာတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ရဲ့ ခဲအိုတော်စပ်သူ လည်းဖြစ်ပါတယ်။ ဒါ့အပြင် ဦးအောင်စိုးဟာ အစိုးရငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ်။
သူအခုလို နုတ်ထွက်စာတင်တာဟာ သူ့သဘောနဲ့ သူ တင်တာဖြစ်ပြီး ပါတီက အရေးယူတာမဟုတ်ဘူးလို့ NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့် က ပြောပါတယ်။
လောလောဆယ် ဦးအောင်စိုးရဲ့ နုတ်ထွက်စာနဲ့ ပတ်သက်ပြီး ဘယ်လိုဆက်ဆောင်ရွက်ရမလဲ ဆိုတာနဲ့ပတ်သက် လို့ ဒေါက်တာမျိုးညွှန့် က RFA ကို အခုလို ပြောပါတယ်။
"ဒီနုတ်ထွက်စာနဲ့ ပတ်သက်လို့ ဘယ်လိုဆက်ဆောင်ရွက်ရမလဲ ဆိုတာကို ဒုဥက္ကဋ္ဌ ၂ ထံမှာ လမ်းညွှန်ချက် တောင်းခံထားတုန်းပဲ ရှိပါသေးတယ်"
ဦးအောင်စိုးအပါအဝင် တနင်္သာရီတိုင်းက ပါတီဝင် ၃ ဦးကို အောက်ခြေပါတီဝင်တွေက တိုင်ကြားထားတာတွေရှိတဲ့အတွက် NLD ပါတီဗဟိုကော်မတီဝင်တွေက စုံစမ်းစစ်ဆေးခဲ့ပေမယ့်လည်း ပါတီ အနေနဲ့ ဒီအပေါ်မှာ အရေးယူဖို့ ဆုံးဖြတ်ထားတာတော့ မရှိသေးဘူး လို့ ဆိုပါတယ်။
တိုင်ကြားစာပါ အကြောင်းအရာ အသေးစိတ်ကိုတော့ ထုတ်ဖော်ပြော ဆိုနိုင်ခြင်း မရှိသေးဘူးလို့လည်း ဒေါက်တာမျိုးညွှန့် က ပြောပါတယ်။
ကာယကံရှင် ဖြစ်သူ ဦးအောင်စိုးကို RFA က ဆက်သွယ်မေးမြန်း ရာမှာတော့ အခုလို တုံပြန့်ပြောဆိုပါတယ်။
"ကျနော်မှာ ဖြေစရာအကြောင်း ဘာမှမရှိဘူးဗျ "
ဦးအောင်စိုး ပါတီကနေ နုတ်ထွက်စာတင်တာနဲ့ ပတ်သက်လို့ တနင်္သာရီတိုင်း မဲဆန္ဒနယ် အမှတ် ၂ က လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေ ကတော့ အခုလိုမှတ်ချက်ပေးပါတယ်။
"တိုင်းက နုတ်ထွက်တယ် ဆိုတဲ့စာကတော့ ညကတော့သိရတယ်၊ မနက်ရောက်တော့ Confirm ဖြစ်တယ်ပေါ့၊ သူနဲ့ပတ်သက်ပြီး တိုင်စာဆိုတဲ့ဟာတော့ ကျနော်တို့ မသိနိုင်ဘူး၊ ဗဟိုမှာရှိတဲ့ တိုင်စာစိစစ်ရေး ကော်မတီကပဲ သိနိုင်မယ်၊ တကယ်လို့ ဗဟိုက တာဝန်ရှိလို့ သူ့ကို စစ်ဆေးတယ်ဆိုရင်လည်း သူ့တာဝန်သူယူပြီး နုတ်ထွက်တယ် လို့ပဲ ခံယူတယ်၊ ကျနော်ဆိုရင်လည်း အဲလိုလုပ်မှာပဲ၊ ကိုယ့်ဘက်က တာဝန်ရှိတဲ့ တာဝန်ယူထားတဲ့အချိန်မှာ ကျနော်တို့ဘက်က အမှားတစ်ခုခုဖြစ်လို့ရှိရင်လည်း ကိုယ့်တာဝန်ကိုယ်ယူတဲ့အနေနဲ့ နုတ်ထွက်မှာပဲ၊ ဒီတာဝန် ယူထားတဲ့အပေါ်မှာ သူ့ဘာသာသူ တာဝန်မကျေလို့ သူ့ဘာသာတာဝန်ခံသွားတဲ့ သဘောလို့ပဲ အဲလိုပဲ ကျနော်တော့နားလည်တယ် "
တချိန်တည်းမှာပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသုတေသနလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်း ကိုလည်း ပါတီဗဟိုထံ တိုင်ကြားထားတာရှိတဲ့အတွက် ပါတီစည်းကမ်း လုပ်ထုံးလုပ်နည်းအရ စုံးစမ်းစစ်ဆေးနေပြီး စုံးစမ်းစစ်ဆေးရေးကာလမှာ ပါတီတာဝန်ကနေ ယာယီရပ်ဆိုင်းထားတယ်လို့ ဒေါက်တာမျိုးညွှန့်က ပြောပါတယ်။
"တိုင်စာရောက်တယ် အဲတော့ တိုင်စာကို စစ်ဆေးဖို့ အဖွဲ့ဖွဲ့တယ်၊ ဖွဲ့တဲ့အခါမှာ ကျနော်တို့ ပါတီစည်းကမ်း လုပ်ထုံး လုပ်နည်းအရလိုအပ်ခဲ့ရင် ပါတီတာဝန်တွေကို ရပ်ဆိုင်းခွင့်ရှိတယ်၊ အဲဒီလုပ်ပိုင်ခွင့်အရ ပါတီတာဝန်တွေကို ယာယီရပ်ဆိုင်းထားတာဖြစ်ပါတယ်၊ အရေးယူတာ မဟုတ်သေးပါဘူး"
ဦးမျိုးရန်နောင်သိမ်း ကတော့ လတ်တလောမှာ သူ့ကို ဘယ်သူက တိုင်ကြားထားတယ်၊ ဘာကိစ္စကို တိုင်ကြားခံထားရတာဆိုတာ မသိသေးဘူးလို့ ပြောပါတယ်။
"ဒါကတော့ တိုင်တဲ့သူရှိရင်လည်း ပါတီရဲ့ ထုံးစံအရပဲ စုံစမ်းစစ်ဆေး ရတာပေါ့ဗျာ၊ ဒါကို လက်ခံပါတယ်၊ ပါတီအဖွဲ့အစည်းတစ်ခုဆိုတော့ ကျတော်ကို စစစ်ဆေးလို့ရှိရင်တော့ ဘာတိုင်ထားလဲ ဘယ်အချက် လဲဆိုတာ သိရမှာပေါ့၊ ခုံဖွဲ့စစ်တယ်ဆိုကတည်းက တိုင်ကြားချက်က ကြီးလို့ပေါ့ဗျာ၊ ဒီကိစ္စဖြစ်လာတော့ အစောပိုင်းကတော့ စိတ်အနှောင့် အယှက်အနည်းငယ်ဖြစ်ပါတယ်၊ ဒါပေမဲ့လည်း တာဝန်က ရပ်ဆိုင်း တယ်ဆိုတာ အလုပ်က ရပ်ဆိုင်းတာမဟုတ်ဘူး၊ အလုပ်က ဆက် လုပ်ရသေးတဲ့အတွက်ကြောင့် ကျနော်အလုပ်ဆက်လုပ်နေပါမယ်"
NLD ပါတီအနေနဲ့ အောက်ခြေပါတီဝင်တွေက တိုင်ကြားလာတာတွေ ရှိရင် ပါတီ စည်းကမ်းနဲ့အညီ စုံစမ်းစစ်ဆေးပြီး အရေးယူတာတွေ ဆောင်ရွက်နေတယ်လို့ ဒေါက်တာမျိုးညွှန့် က ပြောပါတယ်။
(RFA သတင်းထောက် မသက်စုအောင် ပေးပို့သည်)