စစ်ကောင်စီကို လူ့အခွင့်အ‌ရေး နဲ့ တရားစီရင်မှုယန္တရားတွေမှာ အရေးယူပေးဖို့ နိုင်ငံတကာကို NUG တိုက်တွန်း

RFA Burmese
2025.03.17
စစ်ကောင်စီကို လူ့အခွင့်အ‌ရေး နဲ့ တရားစီရင်မှုယန္တရားတွေမှာ အရေးယူပေးဖို့ နိုင်ငံတကာကို NUG တိုက်တွန်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသည့် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့က စိန်ရတနာဘုန်းကြီးကျောင်းကို ၂၀၂၅ ခုနှစ် မတ်လ ၁၆ ရက်နေ့က တွေ့ရစဉ်။
PSLF/TNLA NEWS

စစ်ကောင်စီကို လူ့အခွင့်အရေး နဲ့ တရားစီရင်မှုယန္တရားတွေမှာ အမြန်ဆုံးထိရောက်အောင် အရေးယူဆောင်ရွက်ဖို့ နိုင်ငံတကာ လူ့အခွင့်အရေး နဲ့ ကလေးသူငယ်ဆိုင်ရာအခွင့်အရေး လုပ်ဆောင်သူတွေကို အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) က မတ် ၁၇ ရက် ထုတ်ပြန်ချက်ထဲမှာ တိုက်တွန်းလိုက်ပါတယ်။

စစ်ကောင်စီဟာ အများပြည်သူသွားလာနေတဲ့ ဈေး နဲ့ သာသနိက အဆောက်အဦးတွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ တိုက်ခိုက်တာကို အပြင်းအထန်ရှုတ်ချတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့ ညက စစ်ကောင်စီဟာ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ စိန်ရတနာပရိယတ္တိစာသင်တိုက်ကို လေကြောင်းကနေ ဗုံးကြဲခဲ့တဲ့အတွက် အရပ်သား သံဃာတော်နှစ်ပါး အပါအဝင် အသက် ၁၈ နှစ် အောက် ကိုရင် ငါးပါး၊ အရပ်သား ပြည်သူအမျိုးသားတစ်ဦး နဲ့ အမျိုးသမီးနှစ်ဦး စုစုပေါင်း ၁၀ ဦး သေဆုံးခဲ့ရတယ်လို့ လည်း ဖော်ပြထားပါတယ်။

မတ်လ ၁၄ ရက်နေ့က မန္တလေးတိုင်း စဉ့်ကူးမြို့နယ် လက်ပံလှကျေးရွာမှာရှိတဲ့ ဈေးကို လေကြောင်းကနေ တိုက်ခိုက်တဲ့အတွက် လေးလသားအရွယ် ကလေးငယ်တစ်ဦးအပါအဝင် စုစုပေါင်း ကလေး ခြောက်ဦး သေဆုံးခဲ့ရပါတယ်။

စစ်ကောင်စီဟာ အများပြည်သူဆိုင်ရာနေရာတွေမှာ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာဟာ မဟာဗျူဟာတစ်ရပ် အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးနေပြီး တိုက်ခိုက်တာကြောင့် ကလေးသူငယ်တွေ အရပ်သားပြည်သူတွေကို အသက်ဆုံးရှုံးစေတယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၃ ခုနှစ်ကနေ ၂၀၂၅ ခုနှစ် မတ် (၁၆) ရက်အထိ စစ်ကောင်စီဟာ အရပ်သားပြည်သူတွေနဲ့သက်ဆိုင်တဲ့နေရာတွေကို လေကြောင်းတိုက်ခိုက်မှု (၂,၁၉၀) မှု ပြုလုပ်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုတွေကြောင့် ကလေးငယ်ပေါင်း (၃၇၂) ဦး သေဆုံးခဲ့ရတယ်လို့ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။