သိမ်းဆည်းမြေ ဧက ၂ဝဝ တောင်သူတွေကို ပြန်ပေး


2016.06.30
naypyitaw-land-620.JPG နေပြည်တော်ကောင်စီနယ်မြေမှာ သိမ်းဆည်းခဲ့တဲ့ လယ်ယာမြေ ဧက ၂ဝဝ ကျော်ကို တောင်သူတွေထံ ဇွန်လ ၃ဝ ရက်နေ့ က ပြန်လည်ပေးအပ်စဉ်
Photo: Win Ko Ko Latt/RFA

နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ဝဲကြီးကျေးရွာမှာ ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းစာတိုက်နဲ့ ပုံနှိပ်စက် အဆောက်အအုံအတွက် သိမ်းဆည်းခဲ့တဲ့ တောင်သူ ၇၄ ဦးပိုင် လယ်ယာမြေ ဧက ၂ဝဝ ကျော် ကို တောင်သူတွေဆီ ပြန်လည်ပေးအပ်ခဲ့ပါတယ်။

လယ်ယာမြေတွေကို ပြန်လည်ပေးအပ်တာမှာ ပုံစံ ၃ လို့ ခေါ်တဲ့ ယာယီအသုံးပြုခွင့်ကို ပေးအပ်ထား တာဖြစ်ပြီး ဒီနှစ်အတွင်း ပုံစံ ၇ ဆိုတဲ့ လယ်မြေပိုင်ဆိုင်ခွင့်ကို နောက်ဆက်တွဲအနေနဲ့ ပေးအပ်မှာဖြစ်တယ် လို့ နေပြည်တော်ကောင်စီ ဥက္ကဌ ဒေါက်တာ မျိုးအောင်က ပြောပါတယ်။

"နေပြည်တော်မှာလည်းဖြစ်နိုင်တယ်၊ တရားဝင်ပေးအပ်တာ ကျနော်သိသလောက် ဒီမှာ ပထမထင်တယ်၊ အရင်တုန်းကတော့ သူတို့အာမခံတာ ဖြစ်ကောင်းဖြစ်နိုင်တာပေါ့၊ ပုံစံ ၃ ဆိုတာ ယာယီအသုံးပြုခွင့်ပေးတာ၊ ဒီနှစ်အတွင်းမှာ ၃၊ ၄ လ အတွင်းမှာဖြစ်အောင် ပိုင်နိုင်တဲ့ ပုံစံ ၇ ကိုပေးမှာ၊ ပုံစံ ၇ ရမှ သူတို့က လွှဲပြောင်းခွင့်တို့၊ အမွေပေးခွင့်တို့၊ ရောင်းချခွင့်တို့၊ ဘဏ်ကငွေချေးခွင့်တို့ရမှာ၊ ပုံစံ ၇ တော့ မရသေးဘူး၊ အဲ့ဒါစောင့်နေရင် သူတို့ ဒီတစ်သီးနာသွားမှာ၊ အဲ့ဒါကြောင့် ပုံစံ ၃ ကို ရအောင်ပေးတာ"

ဒုတိယသမ္မတ ၂ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်တဲ့ လယ်ယာမြေနဲ့ အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေး ဗဟိုကော်မတီနဲ့ ကော်မတီအဆင့်အဆင့် ပူးပေါင်းစိစစ်ပြီး အသုံးမပြုတော့တဲ့ လယ်ယာမြေတွေ ကို တောင်သူတွေဆီ ပြန်လည်ပေးအပ်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အစိုးရလက်ထက် ၂ဝဝ၃ ခုနှစ် ကနေ ၂ဝဝ၇ ခုနှစ်အတွင်းက သိမ်းဆည်ခဲ့တဲ့ လယ်မြေတွေ ဖြစ်ပြီး လယ်ယာမြေတွေပြန်လည်ရရှိဖို့ ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့တာတွေကြောင့် ဒေသခံတောင်သူ ၁ဝ ဦးခန့်ကို ပြီးခဲ့တဲ့အစိုးရက ထောင်ဒဏ်တွေ ချမှတ်ခဲ့တာလည်းရှိခဲ့ပါတယ်။

ဒီကနေ့ အခမ်းအနားကို နေပြည်တော်ကောင်စီ ဥက္ကဌ ဒေါက်တာမျိုးအောင်နဲ့ ကောင်စီဝင်တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ ဒေသခံတောင်သူတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

နေပြည်တော်ကောင်စီနယ်မြေမှာ ပြန်ကြားရေးဝန်ကြီးဌာန သတင်းစာတိုက်နဲ့ အဆောက်အဦးအတွက် သိမ်းဆည်းခဲ့တဲ့ လယ်ယာမြေဧက ၂၀၀ ကျော်ကို ဒီနေ့ မူလတောင်သူတွေဆီ ပြန်လည်ပေးအပ်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုဝင်းကိုကိုလတ် တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။