နောင်ချိုမြို့နယ် ပညာရေးမှူးရုံး ဗုံးကွဲ၊ ဆရာမတစ်ဦး သေဆုံး

ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် ပညာရေးမှူးရုံးမှာ မေလ ၃၁ ရက် နေ့လယ် ၂ နာရီလောက်က ဗုံးပေါက်ကွဲခဲ့လို့ ရှစ်ဦး ဒဏ်ရာရခဲ့ပြီး ကျောင်းဆရာမတစ်ဦး သေဆုံး ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆောက်အအုံခေါင်မိုးတွေတောင် ပွင့်ထွက်ကုန်တယ်လို့ အခင်းဖြစ်နေရာကို သွားရောက် ကြည့်ရှုခဲ့တဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အသံအတော်ကျယ်တယ်ဗျ၊ အဆောင်အမိုးတွေပါ လွင့်ကုန်တာ။ ကျနော်တို့သွား ကြည့်တော့ ဒဏ်ရာရသူတွေလည်းရှိတယ်”
ဒီနေ့ဟာ လကုန်ရက်ဖြစ်လို့ ဆရာ၊ ဆရာမတွေ ရော ပညာရေးမှုးရုံးက ဝန်ထမ်းတွေရော အစည်းအဝေးပြီးတဲ့အချိန်မှာ အခုလို ပေါက်ကွဲခဲ့တာဖြစ်ပြီး မျက်ချင်းနုကျေးရွာက ကျောင်း ဆရာမ တစ်ဦး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ဒဏ်ရာပြင်းထန်သူတွေကို ပရဟိတအဖွဲ့တွေရဲ့ အကူအညီနဲ့ ပြင်ဦးလွင်ဆေးရုံကို ပို့ဆောင် လိုက်တယ်လို့ ဒဏ်ရာရသူတွေကို ကူညီပေးခဲ့သူတစ်ဦးက ပြောပါတယ်။
ဗုံးပေါက်ကွဲမှုဟာ ဘယ်အဖွဲ့ရဲ့လက်ချက်ဖြစ်တယ်ဆိုတာကို တိတိကျကျ မသိရှိရသေး သလို ဒီကိစ္စအတွက် စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာ ခုလို ဗုံးပေါက်ခွဲခဲ့တဲ့ အကြမ်းဖက်အဖွဲ့တွေကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့အတူ ပြည်သူ့ကာကွယ်ရေးမှာ ပါဝင် ဆောင်ရွက်ပေးမယ်လို့ ပြည်သူ တွေကို အသိပေးလို့ကြောင်း ပြောကြားခဲ့ပါတယ်။
ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်၊ အနော်ရထာလမ်းက ဘားလမ်းမှတ်တိုင်အနီး မှာလည်း ဒီနေ့ ညနေ ၃ နာရီကျော်က ပေါက်ကွဲမှုဖြစ်ခဲ့ပြီး အမျိုးသား ၁၀ ဦးခန့် ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ကူညီပေးခဲ့တဲ့ ပရဟိတအဖွဲ့တစ်ခုက ပြောပါတယ်။