နောင်ချိုတိုက်ပွဲမှာ စစ်ကောင်စီ တပ်ရင်းမှူးအပါအဝင် သေဆုံးသူတွေရှိကြောင်း TNLA ထုတ်ပြန်

နောင်ချိုမြို့နယ် တောင်ခမ်းအမြောက်တပ်စခန်း ၃၅၄ နဲ့ ၉၀၂ တပ်စခန်းတွေမှာ စစ်ကောင်စီတပ်နဲ့ TNLA တို့အကြား တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။

ရှေ့တန်းစစ်မြေပြင်တစ်နေရာမှ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် TNLA က ထုတ်ပြန်ထားစဉ်။ PSLF/TNLA News

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်မှာ နိုဝင်ဘာ ၁၆ ရက်နေ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က တပ်ရင်းမှူးအပါအဝင် သေဆုံးသူတွေရှိပြီး သုံ့ပန်းလေးဦး ဖမ်းမိခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ထုတ်ပြန်ပါတယ်။

နောင်ချိုမြို့နယ် တောင်ခမ်းအမြောက်တပ်စခန်း ၃၅၄ နဲ့ ၉၀၂ တပ်စခန်းတွေမှာ စစ်ကောင်စီတပ်နဲ့ TNLA တို့အကြား တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ တပ်မ (၁၁) လက်အောက်ရှိ ခြေမြန်တပ်တပ်ရင်း ခမရ (၂၁၃) ရဲ့ တပ်ရင်းမှူး၊ ဗိုလ်မှူး၊ ဗိုလ်ကြီး အဆင့်ရှိသူတွေနဲ့ တပ်သားတွေ သေဆုံးခဲ့သလို လက်နက်ခဲယမ်းတွေ သိမ်းယူနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ ဒါ့အပြင် လက်နက်တွေအနဲ့အတူ စစ်ကောင်စီတပ်သားလေးဦးကိုလည်း သုံ့ပန်းအဖြစ် ဖမ်းဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်က တပ်ရင်းမှူးအပါအဝင် သေဆုံးသူတွေနဲ့ ပတ်သက်ပြီး အသေးစိတ်သိရဖို့ TNLA ပြန်ကြားရေးတာဝန်ခံ လွေးယေဦးကို RFA က ဆက်သွယ်မေးမြန်းပေမဲ့ လက်တလော အကြောင်းမပြန်သေးပါဘူး။ RFA အနေနဲ့လည်း သီးခြားအတည်မပြုနိုင်တာ မရှိသေးပါဘူး။

ဒီထုန်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်-ကျောက်ဂူဘက်နေ နောင်ချိုမြိုနယ်အတွင်း စစ်အင်အားဖြည့်တင်းဖို စစ်ကောင်စီဘက်က ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲတွေ ဖြစ်နေတာလို့လည်း TNLA က ဆိုပါတယ်။ တောင်ခန်းအမြောက်တပ်စခန်းကို ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီဘက်က စစ်အင်အားဖြည့်တင်းနေသလို လေကြောင်းကနေလည်း လက်နက်ခဲယမ်းတွေ ဖြည့်တင်းနေတယ်လို့လည်း ရေးသားထားပါတယ်။

နောင်ချိုမြို့ကို ၁၀၂၇ စစ်ဆင်ရေးကာလ ၂၀၂၄ ဇူလိုင်လမှာ TNLA၊ MDY-PDF နုဲ့ ဓနု-PDF ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း နောင်ချိုနဲ့ မိုင်နှစ်ဆယ်အကွာမှာရှိတဲ့ တောင်ခမ်းရွာက စစ်ကောင်စီရဲ့ အမတ (၉၀၂) အမြောက်တပ်စခန်းကို ဆက်လက်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်နေတာ လေးလနီးပါး ရှိနေပြီဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org