နွားထိုးကြီးမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး နေအိမ်တစ်ရာခန့် မီးရှို့ခံရ
နွားထိုးကြီးမြို့နယ်အတွင်းက ရွာတွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာ နောက်ဆုံးပတ်ကစလို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး နေအိမ်တစ်ရာခန့် မီးရှို့ဖျက်ဆီးခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
-
RFA Burmese
2025-01-03 -
-
-
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်းက ရွာတွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာ နောက်ဆုံးပတ်ကစလို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး နေအိမ်တစ်ရာခန့် မီးရှို့ဖျက်ဆီးခံထားရတယ်လို့ ဒေသခံတွေက ဇန်နဝါရီ ၃ ရက်နေ့မှာ RFA ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်နေ့ကလည်း မျက်ရှုရွာနဲ့ ဝက်လူးရွာကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းကာ တစ်ရွာလုံးနီးပါးကို မီးရှို့ဖျက်ဆီးခဲ့ပြီး စိတ်ဝေဒနာသည်တစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
မျက်ရှုရွာအနီးမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပြီးနောက် ရွာကိုလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ကြောင်းကနေလည်း မီးရှို့ဖျက်ဆီးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဒီဇင်ဘာ လကုန်ပိုင်းလောက်ကတည်းက ဒီဘက်မှာ စစ်ကြောင်း တောက်လျှောက်ထိုးနေတာ။ ၃၁ ရက်နေ့ကလည်း မျက်ရှုရွာနားမှာ တိုက်ပွဲ ဖြစ်ကြသေးတယ်။ အဲဒီနေ့က လေယာဥ်နှစ်စင်းလောက်နဲ့ ဗုံးလာကြဲသွားသေးတယ်။ အဲဒီနောက် ရွာကို စစ်ကြောင်းက ပြန်ရောက်လာပြီး တစ်ရွာလုံးကို မီးရှို့သွားတော့ပဲ။ ဝက်လူးရွာကိုလည်း မီးရှို့တယ်။ လောလောဆယ် စစ်ကြောင်းက ဝက်လူးထဲမှာပဲ ရှိနေသေးတယ် မထွက်သေးဘူး”
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ နေအိမ်မီးရှို့ခံခဲ့ရတဲ့ မျက်ရှုရွာ အပါအဝင် ရွာပေါင်း သုံးရွာထက်မနည်းက ဒေသခံ ငါးထောင်ခန့်လည်း ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောရေးဆိုခွင့်ရှိသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်နေ့မှာ နွားထိုးကြီးနဲ့ မတ္ထီလာမြို့နယ်ကြားက ရန်ကုန်-မန္တလေး အမြန်လမ်မကြီး မိုင်တိုင် ၃၁၈ မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ရှောင်တခင် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ကလည်း အမြန်လမ်းမကြီး အပါအဝင် နွားထိုးကြီးဘက်ကို ဒီနေ့အထိ စစ်ကြောင်းထိုးနေတာလို့ ပြောပါတယ်။