ကာလုံ ဥပဒေကြမ်းဟာ စစ်တပ် အသာစီးရမယ့် ဥပဒေဖြစ်လာ ဖွယ်ရှိ


2015.12.27
amyothar-parliament-620.jpg အမျိုးသားလွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်
Photo: RFA

အစိုးရက ရေးဆွဲထားတဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) ဥပဒေကြမ်းဟာ ကာ/လုံ အစည်းအဝေးတွေမှာ သဘောကွဲလွဲမှုတွေဖြစ်လာရင် တပ်မတော်က ခန့်ထားသူတွေကသာ မဲအနိုင်ရဖို့ အတွက် ကြိုတင်ပြီးရေးဆွဲတဲ့ ဥပဒေဖြစ်လာနိုင်တယ်လို့ ယူဆကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က ပြောပါတယ်။

အရင်က ကာ/လုံ ဥပဒေဆိုတာမျိုးမရှိပဲ အစိုးရသစ်လက်ထက်မှာ အရပ်သားအစိုးရ အဖွဲ့ဝင်တွေလည်း ကာ/လုံ အစည်းဝေးကို တက်ရောက်ရာမှာဖြစ်တဲ့အတွက် တပ်မတော်ဖက်က အသာစီးရနိုင်ဖို့ ကြိုတင်ရေးဆွဲထားတဲ့ သဘောမျိုးဖြစ်တယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က ပြောပါတယ်။

"အရင်တုန်းကတော့ ဥပဒေမရှိဘူး၊ အရင်တုန်းကတော့ တပ်မတော်ဖက်ကလာတဲ့ သူတွေပဲကိုး၊ အခုလက်ရှိ ကာ/လုံ က ၁၁ ယောက်ကလည်း တပ်မတော်ဖက် ကလူတွေကြီးပဲ၊ သူတို့အချင်းချင်းကတော့ ဒီကိစ္စနားလည်ပြီးသားပေါ့ဗျာ၊ အခုတော့ ဒီအစည်းအဝေးတွေထဲမှာအရပ်သားတွေ ပါတော့မှာကိုး၊ အဲ့အရပ်သားတွေ အတွက်တော့ ဒီထုံးဖွဲ့လေးကိုကြိုပြီးသိအောင်လို့ ကြိုပြီးရေးထားတဲ့သဘောပဲဖြစ်မှာပါ"

အဲ့ဒီဥပဒေကြမ်းကို ပြီးခဲ့တဲ့ဒီဇင်ဘာလ ၁၄ ရက်နေ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ လွှတ်တော် ကိုယ်စားလှယ်တွေကို ဝေငှထားပြီး လာမယ့် လွှတ်တော်အစည်းအဝေးမှာ တင်သွင်းမှာ ဖြစ်ပါတယ်။

လွှတ်တော်ဥပဒေကြမ်းကော်မတီမှာပါဝင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို မေးမြန်းရာမှာ ပြောဖို့ အချိန်စောနေသေးကြောင်း ပြောဆိုကြပါတယ်။

ကာ/လုံအဖွဲ့ဝင် ၁၁ ဦး အနက် နိုင်ငံတော်သမ္မတက သဘာပတိအဖြစ် ဆောင်ရွက် ရမှာဖြစ်ပြီး အစည်းအဝေး ဆုံးဖြတ်ချက်တွေကို မဲခွဲဆုံးဖြတ်ရာမှာ မဲပေးခွင့် မရှိဘူးလို့ ဥပဒေကြမ်းမှာ ပါရှိပါတယ်။

ကာ/လုံအဖွဲ့ဝင် ၁၁ ဦးထဲမှာ နိုင်ငံတော်သမ္မတ ၊ ဒုတိယသမ္မတ နှစ်ဦး၊ ပြည်သူ့ လွှတ်တော် ဥက္ကဌ၊ အမျိုးသား လွှတ်တော် ဥက္ကဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးတို့ ပါဝင်ပါတယ်။

ကာ/လုံအစည်းအဝေးတွေမှာ သဘောထားကွဲလွဲတဲ့ ဆုံးဖြတ်ချက်တွေအတွက် မဲခွဲဆုံးဖြတ်ရာမှာ တပ်မတော်ဘက်က မဲပေးနိုင်သူအရေအတွက် ပိုများပြားနေ တဲ့အပေါ် လွှတ်တော်ကိုယ်စားလှယ်တွေက ဝေဖန်နေကြပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာ/လုံအဖွဲ့ဝင် ၁၁ ဦးထဲမှာ တပ်မတော်ဘက်က ခန့်အပ်ပိုင်ခွင့် ရှိသူ ၆ ဦး ပါဝင်နေတာ ဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကို RFA သတင်းထောက် မဝေယံမိုးမြင့် က ဆက်သွယ် မေးမြန်း ထားတာနားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။