ကလေးမြို့နယ် နတ်ချောင်းရွာတိုက်ပွဲ ဒေသခံ ကိုးဦး သေဆုံး

စစ်ကိုင်းတိုင်း ကလေးမြို့နယ် နတ်ချောင်းကျေးရွာမှာ ဒီဇင်ဘာ ၂၃ ရက် မနေ့က စစ်ကောင်စီတပ်တွေနဲ့ ကလေး PDF၊ CNDF ၊ CDF –KKG ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဒေသခံ ကိုးဦး သေဆုံးခဲ့တယ်လို့ နတ်ချောင်းကျေးရွာ သားတွေက ပြောပါတယ်။

၂၀၂၁ ဒီဇင်ဘာ ၂၃ ရက် နတ်ချောင်းရွာဘက်ကိုသွားတဲ့ စစ်ရဟတ်ယာဉ်တစ်စီးကို တွေ့ရစဉ် Photo - Citizen Journalist
စစ်ကိုင်းတိုင်း ကလေးမြို့နယ် နတ်ချောင်းကျေးရွာမှာ ဒီဇင်ဘာ ၂၃ ရက် မနေ့က စစ်ကောင်စီတပ်တွေနဲ့ ကလေး PDF၊ CNDF ၊ CDF –KKG ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဒေသခံ ကိုးဦး သေဆုံး ခဲ့တယ်လို့ နတ်ချောင်းကျေးရွာသားတွေက ပြောပါတယ်။
 
"သေဆုံးတာက ကိုးယောက်တော့ အတည်ပြုလို့ရတယ်။ ဒီထက်ပိုများနိုင်တယ်ဗျ။ စစ်တပ်ရှိနေလို့ နေရာအနှံ့ မရှာနိုင်သေးဘူး။ မနေ့က အမျိုးသမီးဆို ဆိုင်ကယ်စီးလာတာ။ လမ်းမကြီးကနေ စစ်တပ်က ကျောင်းထဲက ထွက်လာပြီးပစ်တာ။ အဲဒီနေရာမှာ တခါတည်းသေတာ ပွဲချင်းပြီးပဲ။ ကိုအေးကိုကတော့ တောကအပြန် စစ်တပ်နဲ့တွေ့တာ လှည်းပေါ်က ဆင်းခိုင်းပြီး သတ်သွားတာပါ" လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နတ်ချောင်း ကျေးရွာသားတစ်ဦးက ပြောပါတယ်။
 
သေဆုံးသူ ကိုးဦးထဲမှာ အမျိုးသား ခုနစ်ဦးနဲ့ အမျိုးသမီးနှစ်ဦးဖြစ်ပြီး အားလုံးသေနတ်ကျည်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာလို့ ဆိုပါတယ်။
 
သေဆုံးသူတွေဟာ နတ်ချောင်းကျေးရွာက ဦးမောင်ကြည်၊ ဒေါ်ဌေးမ၊ ကိုအေးကို၊ ကိုဖိုးအေး၊ ကိုမြင့်ဇော်တို့ ဖြစ်ပြီး ကျန်အမျိုးသားသုံးဦးနဲ့ အမျိုးသမီးတစ်ဦးရဲ့အမည်နဲ့ နေရပ်ကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ ပြောပါတယ်။
 
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီက မနေ့ညကထုတ်ပြန်ရာမှာ နတ်ချောင်းကျေးရွာမှာ လုံခြုံရေးဆောင် ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေကို PDF အဖွဲ့ အင်အား ၃၀၀ လောက်က မနေ့မနက်ပိုင်းက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ လာရောက်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း၊ အလောင်းကိုးလောင်း ရရှိခဲ့ကြောင်း ဖော်ပြ ထားပါတယ်။
 
ကလေး PDF ကတော့ မနေ့က တိုက်ခိုက်မှုမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တစ်ဦးသာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးသူ အနည်းဆုံး ၁၆ ဦးခန့်ရှိခဲ့တယ်လို့ မနေ့က ထုတ်ပြန်ခဲ့ပါတယ်။
 
မနေ့ကတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို စစ်ကောင်စီတပ်ဘက်က စစ်ရဟတ်ယာဥ် နှစ်စီးနဲ့အတူ အင်အားသုံးတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
အခုလက်ရှိမှာလည်း စစ်ကောင်စီတပ်တွေက နတ်ချောင်းကျေးရွာအတွင်းမှာ တပ်စွဲထားသလို ဒေသခံတွေကို ဖမ်းဆီးစစ်ဆေးမှုတွေရှိနေတာကြောင့် နတ်ချောင်းအပါအဝင် နတ်မြောင်းနဲ့ ချောင်းခွကျေးရွာတွေက ဒေသခံတွေဟာ ရွာလုံးကျွတ်နီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်နေ့ကလည်း နတ်ချောင်းဒေသခံ မစုဝေနှင်း၊ ကိုသန်းလင်းအောင်၊ ဦးအေးမူ၊ ဦးသိန်းထီတို့ လေးဦး ဖမ်းဆီးခံခဲ့ရပြီး ဒီနေ့အထိ အဆက်အသွယ်မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org