နမ္မတူမြို့တိုက်ပွဲ ငါးရက်အတွင်း ဒေသခံ သုံးဦးသေဆုံး၊ ၁၅ ဦး ဒဏ်ရာရ

နမ္မတူမြို့တိုက်ပွဲမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ငါးရက်အတွင်း နမ္မတူဒေသခံ သုံးဦး သေဆုံးခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့ တစ်နေရာအား ၂ဝ၂ဝ ပြည့်နှစ် ဒီဇင်ဘာလအတွင်းက တွေ့ရစဉ်။ RFA

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့တိုက်ပွဲမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဒီဇင်ဘာလ ၂၅ ရက်ကနေ ဒီဇင်ဘာ ၂၉ ရက်အတွင်း နမ္မတူဒေသခံ သုံးဦးသေဆုံးပြီး ဆယ့်ငါးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ စစ်ကောင်စီက လေကြောင်းကနေ ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မန်လီကျေးရွာဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းဆရာမတစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၂၅ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ နမ္မတူမြို့ကို တိုက်ခိုက် သိမ်းယူနိုင်ခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နဲ့ သီပေါမြို့ကို ဆက်သွယ်ထားတဲ့ မိုးတေတံတားလည်း ဒီဇင်ဘာလ ၂၈ ရက်နေ့ ညပိုင်းက ဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နမ္မတူမြို့တိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။

မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ နမ္မတူမြို့အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့ဆယ်မြို့ကို သိမ်းပိုက်ထားနိုင်ပြီး တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org