သဘောကွဲလွဲခွင့်ရှိပေမဲ့ အကြမ်းမဖက်သင့်ဘူးလို့ ဦးနိုင်ငံလင်း ပြောဆို
2015.11.05

ဒီမိုကရေစီယဉ်ကျေးမှုနဲ့ကျင့်စဉ်အရ သဘောထားကွဲလွဲခွင့်ရှိပေမဲ့၊ သဘောထားချင်း မတိုက်ဆိုင်သူနဲ့ အဖွဲ့ အစည်းကို တိုက်ခိုက်တာမျိုး၊ အသက်အန္တရာယ် ရန်ရှာတာမျိုး မလုပ်သင့်ဘူးလို့ မဲဆွယ်စည်းရုံးစဉ်အတွင်း တိုက်ခိုက်ခံခဲ့ရတဲ့ သာကေတမြို့နယ်ကနေ ထပ်မံအရွေးခံမယ့် NLD လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံလင်း က RFA ကို ပြာပါတယ်။
ဦးနိုင်ငံလင်းဟာ ဓါးဒါဏ်ရာကြောင့် ဦးခေါင်းနဲ့ လက်တွေမှာ ဒဏ်ရာရရှိခဲ့တဲ့အတွက်၊ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး မှာ တက်ရောက်ကုသခဲ့ရပြီး၊ နိုဝင်ဘာလ ၃ ရက်နေ့က ဆေးရုံက ပြန်ဆင်းလာပြီဖြစ်ပါတယ်။
တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဦးနိုင်ငံလင်းက သူ့ရဲ့ သဘောထားအမြင်ကို RFA ကို အခုလိုပြောပါတယ်။
"အကြမ်းဖက်မှုဆိုတာ ဘယ်သူမှလက်ခံတဲ့ကိစ္စ မဟုတ်ဘူးပေါ့နော်၊ အကြမ်းဖက်မှုကို ဥပဒေအရလည်း ခွင့်ပြု မထားသင့်ဘူး၊ ဥပဒေကတစ်ကယ်လည်း တားမြစ်ထားပါတယ်၊ အချင်းချင်း ဒီမိုကရေစီစနစ်အရ ကျနော် တို့တွေ သဘောထားကွဲလွဲခွင့်ရှိတယ်၊ ကိုယ်ယုံကြည်ရာကို ကိုယ်လုပ်လို့ရတယ်၊ ဒါပေမဲ့ လူတစ်ဦး ရဲ့အသက်အန္တရာယ်၊ အဖွဲ့အစည်းတစ်ခုရဲ့ အန္တရာယ်ဖြစ်လောက်တဲ့အထိတော့ မည်သူမျှမလုပ်သင့်ဘူးလို့ တိုက်တွန်းချင်တယ်၊ မေတ္တာရပ်ခံချင်တယ်"
တရားဥပဒေစိုးမိုးရေးအတွက် တာဝန်ယူထားတဲ့ အစိုးရအနေနဲ့လည်း အကြမ်းဖက်မှုတွေကို လစ်လျူရှု မထားသင့်ဘူးလို့လည်း ပြောပါတယ်။
ဦးနိုင်ငံလင်းဟာ နိုဝင်ဘာ ၃ ရက်နေ့မှာ ဆေးရုံးက ပြန်ဆင်းလာပြီး အဲဒီနေ့မှာပဲ သာကေတမြို့နယ်မှာ မဲဆွယ် စည်းရုံးပွဲ ဆက်လက်ဆောင်ရွက်ခဲ့ရာမှာ ရပ်ကွက်ပြည်သူတွေ၊ သံဃာတော်တွေက ဝန်းရံပို့ဆောင် ပေးခဲ့ကြသလို၊ အနှေးယာဉ် အစီး ၅၀၀ ခန့်လည်း လိုက်ပါခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်နေ့က NLD ပါတီအောင်နိုင်ရေး မဲဆွယ်စည်းရုံးရေးဆင်းနေစဉ် အတွင်း သာကေတမြို့နယ် မာန်ပြေ (၈)လမ်းမှာ လူသုံးဦးက ဓါးနဲ့တိုက်ခိုက်တာကြောင့် ဦးနိုင်ငံလင်း ဒဏ်ရာရရှိခဲ့ တာ ဖြစ်ပါတယ်။