ဦးအောင်မင်းနဲ့ ဒေါက်တာနိုင်အောင် တွေ့

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အဖွဲ့ခေါင်းဆောင် ရထား ပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု FDB အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်နဲ့ ဒီဇင်ဘာ ၂၁ ရက်က ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ဆွေးနွေးခဲ့ပါတယ်။

2011.12.24
dr-naing-aung-305 မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု (Forum for Democracy in Burma) အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်။
RFA

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အဖွဲ့ခေါင်းဆောင် ရထား ပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု FDB အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်နဲ့ ဒီဇင်ဘာ ၂၁ ရက်က ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ဆွေးနွေးခဲ့ပါတယ်။

ဒါဟာ ဦးသိန်းစိန်အစိုးရရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု ကိုယ်စားလှယ် အဖွဲ့က ပြည်ပရောက် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးတာပါ။

ဒီတွေ့ဆုံမှုနဲ့ပတ်သက်လို့ ဒေါက်တာနိုင်အောင်က ဒီဇင်ဘာ ၂၃ ရက်စွဲနဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်ပါတယ်။ အဲဒီ ကြေညာချက်မှာ ဝန်ကြီး ဦးအောင်မင်း က KNU အဖွဲ့နဲ့တွေ့ဆုံဖို့ မဲဆောက်မြို့ ရောက်နေခိုက် အစိုးရ ငြိမ်းချမ်း ရေး အဖွဲ့နဲ့ လိုက်ပါလာတဲ့ Myanmar Egress အဖွဲ့က ဦးလှမောင်ရွှေက ဒေါက်တာနိုင်အောင်ကို ပုဂ္ဂိုလ်တစ်ဦးနဲ့ မိတ်ဆက်ပေးလိုတယ် ဆိုပြီး ဖိတ်ကြားလို့ သွားတဲ့အခါ မီးရထားဝန်ကြီး ဦးအောင်မင်းနဲ့ တွေ့ဆုံဖြစ် ကြောင်း ဖော်ပြထားပါတယ်။

တွေ့ဆုံပွဲမှာ ဦးအောင်မင်းက သူတို့အဖွဲ့ ဆောင်ရွက်နေတဲ့ ပြုပြင် ပြောင်းလဲရေးတွေအကြောင်း မိတ်ဆက်ပြောဆိုပြီး ဒေါက်တာ နိုင်အောင်ကတော့ အချက် ၄ ချက် ဆွေးနွေးလိုက်တယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။ လက်ရှိ ဆောင်ရွက်နေတဲ့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှုကနေ နိုင်ငံရေး ဆွေးနွေးမှုဆီ ဦးတည်သင့်တဲ့အကြောင်း၊ တိုင်းပြည် ပြန်လည်တည်ဆောက်ရေးကို နိုင်ငံရေးအင်အားစုတွေ ဆွေးနွေးပွဲပြုလုပ်ပြီး အားလုံးသဘောတူ ဖော်ထုတ်သင့်တဲ့အကြောင်း၊ စစ်ပွဲတွေမှာ ပြည်သူတွေ မထိခိုက်စေ သင့်သလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်ဖို့ အကြောင်းနဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးသင့်တဲ့အကြောင်း ပြန်လည် ဆွေးနွေးလိုက်တယ်လို့ ဆိုပါတယ်။

ဒေါက်တာနိုင်အောင်က အခုတွေ့ဆုံပွဲဟာ မိမိကို မိတ်ဆက်တာ သက်သက်ဖြစ်ပြီး ဘယ်အဖွဲ့အစည်းကိုမှ ကိုယ်စားပြု ဆွေးနွေးတာ မဟုတ်ကြောင်း၊ နှစ်ဘက်စလုံးက ဘယ်လို ကတိကဝတ်မှ မပြုခဲ့ကြောင်း ကြေညာချက်မှာ ရေးသားထားပါတယ်။

ဒေါက်တာနိုင်အောင်ဟာ ၈ လေးလုံး အရေးတော်ပုံနောက်ပိုင်း လက်နက်ကိုင် တော်လှန်ရေးအတွက် တောခိုခဲ့သူ လူငယ်ဆရာဝန် တစ်ဦး ဖြစ်ပြီး ABSDF အဖွဲ့ရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်သလို အခုအခါမှာ ၈၈ ကျောင်းသားလူငယ်တွေ ဖွဲ့စည်းဆောင်ရွက်နေတဲ့ အဖွဲ့ ၇ ဖွဲ့နဲ့ တစ်သီး ပုဂ္ဂလ လူငယ်တွေ ပေါင်းစည်းထားတဲ့ “မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု” Forum for Democracy in Burma (FDB) ရဲ့ အတွင်းရေးမှူးချုပ်ပါ။

ဒေါက်တာနိုင်အောင်နဲ့ ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-03-27 04:14

Who killed our beloved Northern students???