နုတ်ထွက်စာတင်ထားတဲ့ကိုယ်စားလှယ် လွှတ်တော်ပြန်တက်မည်


2019.01.26
myitmyitsan-mp-622.jpg ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၂ က တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်း ကို ၂၀၁၈၊ ဇွန်လ ၁ ရက်နေ့က ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးမှာ တွေ့ရစဉ်
ဓါတ်ပုံ - ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်

လွှတ်တော်နဲ့ အစိုးရကို အယုံအကြည်မရှိလို့ဆိုပြီး ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် အဖြစ်ကနေ နုတ်ထွက်စာတင်ထားတဲ့ ဒေါ်မြင့်မြင့်စန်းဟာ ပါတီနဲ့ ညှိနှိုင်းခဲ့ပြီးဖြစ်လို့ လွှတ်တော် အစည်းအဝေးတွေကို ပြန်လည်တက်ရောက်မယ်လို့ သိရပါတယ်။

ဒေါ်မြင့်မြင့်စန်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တစ်ဦးဖြစ်ပြီး ပါတီနဲ့ ညှိနှိုင်းခဲ့ပြီး ကာယကံရှင် ကိုယ်တိုင်က သဘောတူခဲ့တာဖြစ်တယ်လို့ NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က RFA ကိုပြောပါတယ်။

ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၂ က တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်းဟာ ၂၀၁၈ ဇူလိုင်လကုန်ပိုင်းကတည်းက ဧရာဝတီတိုင်းလွှတ်တော် ဥက္ကဋ္ဌ ထံကို နုတ်ထွက်စာတင်ထားခဲ့ပြီး လွှတ်တော်ကို မတက်ရောက်တော့တာဖြစ်ပါတယ်။

လွှတ်တော်အစည်းအဝေးတွေ မတက်ရောက်ပေမယ့်လည်း သူ့မဲဆန္ဒနယ်မြေမှာ ကွင်းဆင်းလုပ်ဆောင်နေတဲ့သူ ဖြစ်တယ်လို့ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။

NLD ပါတီခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးရာမှာ လွှတ်တော်ပြန်တက်ဖို့ ပြောဆိုတာကို မငြင်းခဲ့ကြောင်းနဲ့ လာမယ့် လွှတ်တော်အစည်းအဝေးကို ပြန်တက်ရေးကိစ္စဟာ သူ့ရဲ့တင်ပြချက်တွေကို ဆောင်ရွက်ပေးမှုအပေါ်မှာပဲ မူတည်တယ်လို့ ဒေါ်မြင့်မြင့်စန်းက RFA ကို ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်ဟာ လွှတ်တော် အစည်းအဝေး ကျင်းပတဲ့ရက်တွေမှာ တစ်ဆက်တည်းခွင့်မဲ့ ၁၅ ရက် ပျက်ကွက်ခဲ့မယ်ဆိုရင် လွှတ်တော် ကိုယ်စားလှယ်အဖြစ်ကနေ အလိုအလျောက် ပျက်ပြယ်မှာဖြစ်တယ်လို့ ပါရှိပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။