မြင်းခြံခရိုင်မှာ လေကြောင်းရန်ကြောင့် ဗုံးခိုကျင်းတွေ တူးနေ

မြင်းခြံခရိုင်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကို ကာကွယ်ဖို့အတွက် တစ်လအတွင်း ရွာရှစ်ရွာမှာ ဗုံးခိုကျင်း ငါးဆယ်ခန့် တူးပေးခဲ့တယ်လို့ မြင်းခြံခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

မြင်းခြံခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များမှ ပြည်သူများအတွက် ဗုံးခိုကျင်းများ ကူညီတူးပေးနေသည်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့က တွေ့ရစဥ်။ Facebook/ ပကဖ၊ မြင်းခြံခရိုင်၊ NUG

မန္တလေးတိုင်း မြင်းခြံခရိုင်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကို ကာကွယ်ဖို့အတွက် တစ်လအတွင်း ရွာရှစ်ရွာမှာ ဗုံးခိုကျင်း ငါးဆယ်ခန့် တူးပေးခဲ့တယ်လို့ မြင်းခြံခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတွေက ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ပြောပါတယ်။

မြင်းခြံ၊ နွားထိုးကြီးနဲ့ တောင်သာမြို့နယ်ထဲမှာရှိတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ လက်လှမ်းမီတဲ့ရွာတွေမှာ ဗုံးခိုကျင်းတွေ တူးပေးနေတာဖြစ်ပြီး ရွာနာမည်တွေကိုတော့ လုံခြုံရေးအခြေအနေတွေအရ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

စစ်ကောင်စီတပ်က မကြာခဏဆိုသလို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် အရပ်သားတွေ အသက်အန္တရယ် ကင်းစေဖို့ ဗုံးခိုကျင်းတွေ တူးပေးတာလို့ မြင်းခြံခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့အဖွဲ့မှူး ကိုကောင်းဆင့်က RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ ခရိုင်နယ်မြေဟာ စစ်ဒေသအတွင်းမှာရှိတဲ့ အခြားနယ်မြေထက် ပိုပြီးတော့ လေကြောင်းတိုက်ခိုက်တာ ခံရတဲ့အတွက်ကြောင့်ပါ။ အဖွဲ့အစည်းနဲ့ လက်လှမ်းမီတဲ့ နေရာတွေရယ်၊ ပြီးတော့ အန္တရယ်ကျရောက်မှာ စိုးရိမ်ရတဲ့ကျေးရွာတွေကို အဓိကထားပြီး လုပ်ပေးဖြစ်တာပါ။ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုက ပိုများပါတယ်။ ရဲဘော် သေဆုံးမှုက အလွန်နည်းပါတယ်ခင်ဗျ”

ဒီဇင်ဘာထဲမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုနဲ့ အထိုင်ချစခန်းတွေကနေ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် မြင်းခြံခရိုင်အတွင်းမှာ အရပ်သား နှစ်ဆယ်ကျော် သေဆုံးခဲ့တယ်လို့ သူက ပြောပါတယ်။

ဒီဇင်ဘာ ၂၃ ရက်နေ့ကတော့ နွားထိုးကြီးမြို့နယ် ဒေါင့်ဘိုးရွာ လေကြောင်းနဲ့ ဗုံးကြဲခံရမှုမှာ အရပ်သားတစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့မှာလည်း တောင်သာမြို့နယ် ဇရပ်ကြီးရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် စာသင်ကျောင်းအဆောက်အုံတွေ ပျက်စီးပြီး အရပ်သားနှစ်ဦး ဒဏ်ရာခဲ့တယ်လို့ ဆိုပါတယ်။

မြင်းခြံခရိုင်ထဲမှာပါဝင်တဲ့ ငါန်းဇွန်မြို့နယ်မှာတော့ ခရိုင်ပကဖအနေနဲ့ အချိတ်အဆက် အလှမ်းကွာနေတာကြောင့် အဲဒီမြို့နယ်မှာ ဗုံးခုံကျင်း တူးပေးနိုင်တာ မရှိသေးဘူးလို့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေပေးတာတွေလည်း လုပ်ဆောင်နေသလို အရပ်သားတွေအနေနဲ့လည်း ဗုံးခိုကျင်းတွေ တူးထားဖို့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက တိုက်တွန်းပါတယ်။

သြဂုတ် ၁၀ ရက်နေ့မှာ “မြင်းခြံခရိုင် အထူးစစ်ဆင်ရေး”အဖြစ် မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးမြို့နယ်တွေက စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ကာကွယ်ရေး ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ချိန်ကစလို့ စစ်ကောင်စီတပ်ကလည်း နေ့စဥ်လိုလို ကျေးရွာတွေကို လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးတိုင်းမှာ ၂၀၂၄ ခုနှစ် ဇူလိုင်ကနေ ဒီဇင်ဘာ ၂၆ ရက်နေ့အထိ ခြောက်လအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုကြောင့် အရပ်သား ၅၇ ဦး သေဆုံးတယ်လို့ နိုင်ငံရေး အကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org