CDM လုပ်သူတွေအပါအဝင် ရဲဝန်ထမ်း ၂၆ ယောက်ကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ်
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းက အာဏာဖီဆန်ရေး CDM လုပ်နေတဲ့ ရဲဝန်ထမ်းတွေအပါအဝင် စုစုပေါင်း ရဲဝန်ထမ်း ၂၆ ယောက်ကို မြင်းခြံခရိုင် ရဲတပ်ဖွဲ့ရုံးက၊ မေလ ၁၄ ရက်နေ့က ဖမ်းဝရမ်းထုတ်လိုက်တယ်လို့ ဝရမ်းထုတ်ခံရတဲ့ ရဲတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
- 2021-05-19
-

အခု ဖမ်းဝရမ်းအထုတ်ခံရတဲ့အထဲမှာ မြင်းခြံခရိုင်၊ နွားထိုးကြီးရဲစခန်း၊ တောင်သာရဲစခန်းနဲ့ မြင်းခြံရဲစခန်းက ရဲတပ်သားတွေ ပါဝင်တယ်လို့ အမည်မဖော်လိုတဲ့ CDM ရဲဝန်ထမ်းတစ်ဦးက ပြောပါတယ်။
ဝရမ်းထုတ်ခံရပေမယ့် ပြန်သွားမှာမဟုတ်ဘဲ အဆုံးထိ CDM လုပ်ဆောင်သွားမယ်လို့ ဝရမ်းထုတ်ခံရသူ တစ်ဦးက RFA ကို ပြောပါတယ်။
“လုံခြုံတဲ့နေရာမှာရှိတယ်။ ပြန်မသွားဘူး၊ CDM စလုပ်ခါစကလည်း ရက် ၃၀ အတွင်းပြန်လာရင် အရေးမယူဘူး၊ နဂိုအတိုင်းထားမယ်ဆိုပြီး ဆက်သွယ်ပြောလာတာတွေ ရှိတယ်။ ပြန်မသွားခဲ့ပါဘူး။ အခုလူတွေက သွေးအေးသွားကြပြီထင်တယ်။ သွေးမအေးကြပါနဲ့၊ ဒီတိုက်ပွဲက နိုင်မှာပါ။”
စစ်တပ်က အာဏာသိမ်းပြီးနောက် ရဲတပ်ဖွဲ့ဝင်တွေ CDM လှုပ်ရှားမှု့တွေမှာ ပါဝင်လာကြသလို အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြတာတွေလည်း ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲမှာတော့ “CDM လုပ်ဆောင်သွားတဲ့ ရဲတွေကို ဥပဒေအရ အရေးယူသွားမယ်” စစ်ကောင်စီ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက တရားဝင် ပြောကြားခဲ့ပါတယ်။